
ရုရှား ဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ဟာ တယ်လီဂရမ်အက်ပ်ကို တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ်ကို အကြမ်းဖက်လှုပ်ရှားမှုတွေကို အားပေးကူညီမှုနဲ့ တရားစွဲဆိုထားပြီး သူ့ကို ဖမ်းဆီးဖို့ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့ ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အင်တာနက်ကနေ ငွေကြေးလိမ်လည်မှုတွေကို ပြင်ဆင်ဖို့နဲ့ ညှိနှိုင်းဖို့အတွက် ယူကရိန်း အထူးတပ်ဖွဲ့တွေ၊ အကြမ်းဖက်နဲ့ အစွန်းရောက် အဖွဲ့အစည်းတွေ အသုံးပြုခဲ့တဲ့ အချက်အလက်တွေကို တယ်လီဂရမ်ဘက်က ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ခုလို တရားစွဲရတာဖြစ်တယ်လို့ FSB က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒူရော့ဗ် ဒါမှမဟုတ် တယ်လီဂရမ်ဘက်က ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သတင်းအချက်အလက် လျှို့ဝှက်ပေးထားတဲ့ စာပို့ အက်ပ် ဖြစ်တဲ့ တယ်လီဂရမ်ကို အသုံးပြုသူ သန်း ၁,၀၀၀ ကျော်ရှိပြီး ရုရှား-ယူကရိန်း စစ်ပွဲအတွင်း နှစ်ဖက်စလုံးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါ။
ရုရှားဟာ ခုနောက်ပိုင်း နှစ်တွေအတွင်း တယ်လီဂရမ် အသုံးပြုမှုကို ကန့်သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အစိုးရ ကျောထောက်နောက်ခံပြု MAX စာပို့အက်ပ်ကို အစားထိုးသုံးစွဲဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ရုရှားမှာ မွေးဖွားခဲ့သူ ဒူရော့ဗ်ဟာ လက်ရှိမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ပြင်သစ် နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားသူပါ။
သူဟာ ရုရှားရဲ့ ဖေ့စ်ဘွတ်ခ်လို့ တင်စားကြတဲ့ ဗီ-ကွန်တပ်ခ်တာ (VKontakte) ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ ရုရှားအာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေကြောင့် သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းချခဲ့ရပါတယ်။
တဖက်မှာလည်း ပြင်သစ်အာဏာပိုင်တွေက တယ်လီဂရမ် ပလက်ဖောင်းပေါ်က ရာဇဝတ်မှုတွေကို ထိရောက်စွာ မတားဆီးနိုင်တာတွေ၊ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေနဲ့ ပတ်သက်လို့ ဒူရော့ဗ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒူရော့ဗ် ကတော့ သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
Source: Reuters










