DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်အားပေးပို့စ်များ မဖယ်ရှားသဖြင့် တယ်လီဂရမ်အက်ပ်ကို ဩစတြေးလျ တရားစွဲ
DVB
·
July 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဩစတြေးလျ အင်တာနက် ထိန်းချုပ်ကွပ်ကဲရေးအဖွဲ့ဟာ အကြမ်းဖက်ဝါဒ အားပေးတဲ့ ပို့စ်တွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စာတိုပေးပို့တဲ့ တယ်လီဂရမ် အက်ပလီကေးရှင်းကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီလို့ ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။

အီလက်ထရွန်းနစ် လုံခြုံရေးဆိုင်ရာ ကော်မရှင်နာရုံး (eSafety) ရဲ့ ပြောကြားချက်အရ အချိန်တနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တယ်လီဂရမ်ဟာ အွန်လိုင်းဘေးကင်းလုံခြုံရေး အက်ဥပဒေပါ စည်းမျဉ်းတွေကို မလိုက်နာခဲ့သလို ဩစတြေးလျ အသုံးပြုသူတွေဆီက တိုင်ကြားချက်တွေ ရရှိခဲ့ပေမဲ့လည်း အကြမ်းဖက်သမားတွေ ကွပ်မျက်တာနဲ့ လူအုပ်စုလိုက် ပစ်ခတ်သတ်ဖြတ်တာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ခုလို တရားစွဲဆိုရတာလို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အကောင့်တွေ၊ Group တွေနဲ့ Channel တွေကိုပါ ဖယ်ရှားခဲ့ခြင်း မရှိပါဘူး။

eSafety ကော်မရှင်နာ ဂျူလီ အင်မန် ဂရန့်ထ်က “ဒီအမှုဟာ ခရိုက်စ်ချာ့ချ်နဲ့ ဘတ်ဖလိုးမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ ISIS ရဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အပါအဝင် အခုတလော သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက် စည်းရုံးလှုံ့ဆော်ရေး ဗီဒီယိုတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီအကြောင်းအရာတွေကို တိုင်ကြားထားတာ ကြာပြီဖြစ်ပေမဲ့ Public မှာ အလွယ်တကူ ကြည့်လို့ရနေတုန်းပါပဲ။ ဒီနိုင်ငံမှာ စီးပွားရှာနေတဲ့ ဘယ်ပလက်ဖောင်းမှ ဥပဒေရဲ့အထက်မှာ မရှိပါဘူး” လို့ ဆစ်ဒနီမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တယ်လီဂရမ်ဘက်က ထုတ်ပြန်ချက်အရတော့ အက်ပလီကေးရှင်းဟာ တလကို အသုံးပြုသူ သန်း ၁,၀၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဒေါင်းလုဒ်ဆွဲမှု အများဆုံး အက်ပ်တွေထဲက တခုဖြစ်ပါတယ်။

အက်ပ်ကို တည်ထောင်သူ ရုရှားနိုင်ငံဖွား ပါဗဲလ် ဒူရော့ဗ်ဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံကနေ ထွက်ခွာခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ သူရော ကုမ္ပဏီပါ ဒူဘိုင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ရုရှားနိုင်ငံကလည်း ဒူရော့ဗ်ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကူညီအားပေးနေပါတယ်ဆိုပြီး ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲပြစ်တင်ထားပါတယ်။

ရုရှားနယ်မြေအတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ယူကရိန်း သူလျှိုတွေက ဒီအက်ပ်ကို အသုံးပြုနေကြတာပါလို့ ရုရှားဘက်က စွပ်စွဲထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013