DVB Logo
Home
နိုင်ငံတကာ
ကိုဆိုဗိုသမ္မတဟောင်းကို စစ်ရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၄၅ နှစ်ချမှတ်ရန် တောင်းဆို
DVB
·
February 11, 2026
ကိုဆိုဗိုသမ္မတဟောင်းကို စစ်ရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၄၅ နှစ်ချမှတ်ရန် တောင်းဆို
Donate to DVB

ကိုဆိုဗိုသမ္မတဟောင်း ဟာရှင်းမ်သာချီဟာ အယ်လ်ဘေးနီးယားတိုင်းရင်းသား ပြောက်ကျားတပ် ဖွဲ့တွေကို ထိန်းချုပ်ကွပ်ကဲခဲ့သူဖြစ်ပြီး သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ် ထောင်ဒဏ် ၄၅ နှစ် ချမှတ်သင့်ကြောင်း နိုင်ငံတကာစစ်ရာဇ၀တ်မှုဆိုင်ရာ ရှေ့နေတွေက ဖေဖော်ဝါရီ ၉ ရက်မှာ တောင်းဆိုပါတယ်။ 

သာချီနဲ့အတူ ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် (KLA) တပ်မှူးဟောင်း ၃ ယောက်တို့ကို ၁၉၉၈-၉၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆာဘီးယားဆီမှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကာလအတွင်းနဲ့ အဲဒီနောက်ပိုင်းကာလတွေမှာ လူသားမျိုးနွယ်အပေါ်  ဖိနှိပ် ချုပ်ချယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လူသတ်မှု၊ လူတွေကို အတင်းအကျပ် ပျောက်ဆုံးစေမှုတို့ အတွက် စွဲချက်တင်ထားပါတယ်။ 

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အစိုးရရှေ့နေ ကင်ဘာလေဝက်စ်က "ဒီရာဇဝတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့  ရာဇဝတ်မှုတွေဖြစ်ပြီး အလွန်ကြီးလေးတဲ့ သဘောဆောင်ပါတယ်။ အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ဒီစွဲချက်တွေရဲ့ ကြီးလေးမှု ကတော့ လျော့ပါးသွားမှာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။ 

၁၉၉၈ နဲ့ ၁၉၉၉ ခုနှစ်တွေအတွင်း KLA အဖွဲ့က ထိန်းချုပ်ထားတဲ့ အကျဉ်းစခန်းပေါင်း ၅၀ လောက်မှာ နိုင်ငံရေးအတိုက်အခံတွေနဲ့ ဆားဘီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကူညီသူလို့ ယူဆရသူ ၁၀၀ ကျော် အသတ်ခံခဲ့ရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူတွေလည်း ရာနဲ့ချီပြီးရှိကြောင်း အစိုးရရှေ့နေက ပြောပါတယ်။ 

၂၀၀၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း လွတ်လပ်သော ကိုဆိုဗိုနိုင်ငံရဲ့ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် သာချီနဲ့ သူ့ရဲ့ တွဲဖက် တရားခံတွေဟာ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ကြပါတယ်။ 

သာချီရဲ့ ရှေ့နေတွေကတော့ အုံကြွမှုကာလနဲ့ အဲဒီနောက်ပိုင်းမှာ သာချီအနေနဲ့ KLA တပ်ဖွဲ့ဝင် တွေနဲ့ သူ့ရဲ့စစ်ရေးခေါင်းဆောင်တွေအပေါ် အမှန်တကယ် အာဏာသက်ရောက်မှု မရှိခဲ့ကြောင်း  ချေပပြောဆိုထားပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးလျှောက်လဲချက်ကို တင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။ 

သာချီနဲ့ တခြား KLA ခေါင်းဆောင်တွေဟာ ကိုဆိုဗိုကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ နိုင်ငံရေးပြိုင်ဖက်တွေအပြင် လူနည်းစု ဆာ့ဘ်လူမျိုးတွေနဲ့ ရိုမာလူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှု တခုကို ဆင်နွှဲခဲ့ကြတယ်လို့ အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

နှိပ်စက်ညှဉ်းပန်းခံရသူ အများစုမှာ ကိုဆိုဗို လူဦးရေရဲ့  ၉၀ ရာခိုင်နှုန်းရှိတဲ့ အယ်လ်ဘေးနီးယား တိုင်းရင်းသားတွေ ဖြစ်တယ်လို့ စာရင်းဇယားတွေက ဆိုပါတယ်။  

နိုင်ငံတကာတရားသူကြီးတွေနဲ့ ရှေ့နေတွေ ပါဝင်တဲ့ ကိုဆိုဗို အထူးတရားရုံးတွေကို ၂၀၁၅ ခုနှစ်မှာ ကိုဆိုဗိုဥပဒေအရ KLA ပြောက်ကျားခေါင်းဆောင်ဟောင်းတွေရဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ တည်ထောင်ခဲ့တာပါ။ 

ကိုဆိုဗိုပြည်သူ အများအပြားကတော့ ဒီတရားရုံးဟာ KLA တပ်ဖွဲ့အပေါ် မမျှတဘဲ ဘက်လိုက် စစ်ဆေးနေတာလို့ မြင်နေကြပြီး KLA ခေါင်းဆောင်တွေကိုတော့ ဆာဘီးယားရဲ့ ဖိနှိပ်အုပ်ချုပ်မှု အောက်မှ ကိုဆိုဗိုကို လွတ်မြောက်စေခဲ့တဲ့ သူရဲကောင်းတွေအဖြစ် ရှုမြင်နေကြတာ ဖြစ်ပါတယ်။

 Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013