
လက်ဘနွန်နိုင်ငံမြောက်ပိုင်း၊ ထရီပိုလီမြို့ရှိ ဘာ့ဘ်အယ်လ်-တယ်ဘာနေးရပ်ကွက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က ကပ်လျက်ရှိနေတဲ့ လူနေအဆောက်အအုံ ၂ လုံး ပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ယောက်ထိ ရှိလာပြီး လူအများအပြား ဒဏ်ရာရရှိသွားတယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ပြောပါတယ်။
အခြေခံအဆောက်အအုံတွေ ဟောင်းနွမ်းဆိုးရွားနေမှုကြောင့် အခုလို ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြို့ပြကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အီမက်ခရိရှ်ရဲ့ အဆိုအရ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို တနင်္လာနေ့မှာ အဆုံးသတ်ခဲ့ပြီး အပျက်အစီးပုံတွေအောက်ကနေ သေဆုံးသူ ၁၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့သလို လူ ၈ ယောက်ကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒဏ်ရာရရှိသူတွေရဲ့ ဆေးကုသစရိတ် အားလုံးကို အစိုးရက အပြည့်အဝ တာဝန်ယူပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ် နာဝပ်ဖ်ဆလမ်ကလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မိသားစုတွေအတွက် ယာယီခိုလှုံရာနေရာတွေ စီစဉ်ပေးဖို့နဲ့ အန္တရာယ်ရှိနေတဲ့ တခြားအဆောက်အအုံတွေကို အရေးပေါ် ပြုပြင်ထိန်းသိမ်းဖို့ ညွှန်ကြားထားပါတယ်။
ထရီပိုလီမြို့တော်ဝန် အဘ်ဒယ်ဟာမစ်ကာရီမဲက မြို့တွင်းမှာ တိုက်သက်တမ်း နှစ်ပေါင်း ၆၀–၇၀ လောက် အိုမင်းဟောင်းနွမ်းနေတဲ့ အဆောက်အအုံ တွေ အများအပြား ရှိနေပြီး ပြိုကျနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဆောက်အအုံပေါင်း ၁၀၅ လုံးရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတဲ့ မိသားစုတွေအတွက် ၃ လစာ အိမ်ငှားရမ်းခ ထောက်ပံ့ကြေးတွေ ပေးအပ်နေသလို၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ မြို့တော်ဝန် ကာရီမဲက ပြောပါတယ်။
အစိုးရအနေနဲ့လည်း မြို့အတွင်းက အန္တရာယ်ရှိ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့ ရန်ပုံငွေတွေ ထုတ်ပေးမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters










