
ယီမင်နိုင်ငံရဲ့မြို့တော် ဆာနာမြို့မှာ နိုင်ငံသားတွေဟာ ရာမာဒန် ဥပုသ်လအတွက် ဗလီတွေကို ပြင်ဆင်နေကြပြီး အိမ်သုံးပစ္စည်းတွေကို စုဆောင်းနေကြသလို အစ္စလာမ်ဘာသာရဲ့ ဥပုသ်လမတိုင်မီ အလှဆင်ပစ္စည်းတွေကိုလည်း ရွေးချယ်နေကြပါတယ်။
ဆာနာမြို့က ဂရန်းဗလီမှာ ဝတ်ပြုသူတွေဟာ ကုရ်အာန်မိတ္တူတွေကို ဖွင့်ထားရင်း ထိုင်နေကြပြီး အလုပ်သမားတွေက ဗလီရဲ့ တောင်ပိုင်းအစိတ်အပိုင်းတွေကို ပြန်ဖွင့်ဖို့ လုပ်ရင်း အမိုးခုံးကို ဆေးပြန်သုတ်နေသလို မျက်နှာကြက် အစိတ်အပိုင်းတွေကို ပြန်ပြင်နေကြတာပါ။
ပညာရှင် အဗ္ဗဒူ ရာဇတ် အယ်လ်-ရူကိုင်ဟီက ယီမင်နိုင်ငံသားတွေဟာ ရာမာဒန် ဥပုသ်လကို “ပွင့်လင်းတဲ့ နှလုံးသားတွေ၊ ဝိညာဉ်ရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်မှု” တွေနဲ့ လက်ခံကြတယ်လို့ ပြောခဲ့ပါတယ်။
ရာမာဒန် ဥပုသ်လ မတိုင်မီ ရှားဘန်လမှာ သူတို့ကိုယ်တိုင် ပြင်ဆင်တဲ့ နည်းလမ်းတခုအဖြစ် လူအများအပြားက စပြီး ဥပုသ်စောင့်ကြတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
ဓမ္မတေးသီဆိုသူ အိုစာမာ အယ်လ်အာမီယာက ဗလီတွေကို သန့်ရှင်းရေးလုပ်တာ၊ ကုရ်အာန်ကျမ်းရဲ့ မိတ္တူတွေကို စီစဉ်တာနဲ့ ဝိညာဉ်ရေးရာ ရွတ်ဆိုခြင်း အပါအဝင် ရာသီကို အမှတ်အသားပြုတဲ့ ရိုးရာဓလေ့တချို့ကို မီးမောင်းထိုးပြခဲ့ပါတယ်။
အစ္စလာမ်ပြက္ခဒိန်မှာ ၉ လမြောက်နဲ့ အမြင့်မြတ်ဆုံးလဖြစ်တဲ့ ရာမာဒန် ဥပုသ်လဟာ အစ္စလာမ်ဘာသာရဲ့ အဓိကအချက် ၅ ချက်ထဲက တခုပါ။
ချွေတာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တဲ့ လတလဖြစ်ပြီး ဥပုသ်စောင့်ထိန်းချိန်မှာ မွတ်စလင်တွေဟာ မိုးလင်းချိန်ကနေ နေဝင်တဲ့အထိ အစားအစာနဲ့ ရေကို သောက်သုံးခြင်းကနေ ရှောင်ကြဉ်ကြပါတယ်။
Source: Reuters










