
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
သြဂုတ် ၆ ရက် ညနေ ၆ နာရီဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်တာကြောင့် စစ်ရှောင်အမျိုးသားတယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ အမျိုးသမီးတယောက်လည်း ထိခိုက်မိတဲ့အပြင် စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့ရတာလို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က "တိုက်ပွဲက ဒေါငံခါးဘက်မှာပဲရှိတာ၊ ရွာဘက်နဲ့ ၅ မိုင် လောက်ဝေးတယ်။ သူတို့ ကြဲတော့ သေတာရော ထိခိုက်မိတာရောပေါ့၊ တိုက်ပွဲမရှိတာကို ဗုံးကြဲသလိုဖြစ်နေတယ်" လို့ ပြောပါတယ်။
စစ်တပ်က ဒီးမော့ဆိုမြို့နယ် ဒေါငံခါးဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အား စုတွေနဲ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ရှောင်ပြည်သူတွေရှိရာနေရာကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်ဘက်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ လအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပါတယ်။
ဇူလိုင်လထဲမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။










