
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကို သတင်းပေးပို့ရင် ဆုကြေးငွေ ကျပ် ၁ သိန်းချီးမြှင့်ပေးမယ်လို့ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက မေ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တောင်ကြီးမြို့မှာ ရေမြောင်းပိတ်ဆို့တာ၊ လမ်းဘေးအမှိုက်စုပုံတာနဲ့ မိုးရာသီရောက်လာချိန် ရေကြီးရေလျှံတာတွေ မကြာခဏဖြစ်နေတဲ့အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကို လျှော့ချနိုင်ဖို့ ဒီအစီအစဉ်ကို စတင်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တောင်ကြီးမြို့မှာ အမှိုက်ကို သတ်မှတ်ထားတဲ့ စွန့်ပစ်နေရာမှာမပစ်ဘဲ လမ်းဘေးတွေ၊ ရေမြောင်းထဲတွေ၊ ဈေးနားပတ်ဝန်းကျင်တွေနဲ့ လူသွားလမ်းဘေးတွေမှာ စည်းကမ်းမဲ့ လာပစ်သွားတာတွေ မကြာခဏ တွေ့ရတယ်။ အထူးသဖြင့် ညဘက်ပိုင်းနဲ့ လူရှင်းတဲ့အချိန်တွေမှာ အမှိုက်အိတ်အပြည့်နဲ့ လာထားသွားတာမျိုးတွေ ရှိတယ်။ တချို့နေရာတွေဆို အမှိုက်ပုံ သေးသေးလေးကနေ စပြီး နောက်ပိုင်း လူတွေက တယောက်ပစ် တယောက်ပစ်နဲ့ အမှိုက်ပုံကြီး ဖြစ်သွားတာမျိုးတွေ ရှိတယ်။ ရေမြောင်းထဲ အမှိုက်ပစ်တာကြောင့် မိုးရွာတဲ့အချိန် ရေစီးဆင်းမှုမကောင်းဘဲ ပိတ်ဆို့သွားတာတွေ၊ လမ်းပေါ် ရေတက်လာတာတွေလည်း ဖြစ်တယ်။ တောင်ကြီးက ခရီးသွားတွေလည်း အလာများတဲ့မြို့ ဖြစ်တဲ့အတွက် မြို့ပုံရိပ်က အရေးကြီးတယ်။ အခုလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရင် ပတ်ဝန်းကျင်သန့်ရှင်းရေး ပိုကောင်းလာမယ်လို မျှော်လင့်တယ်” လို့ ပြောပါတယ်။
သတင်းပေးပို့လိုသူတွေအနေနဲ့ အမှိုက်စွန့်ပစ်နေတဲ့ အချိန်၊ နေရာနဲ့ သက်သေအထောက်အထားဖြစ်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို စုဆောင်းပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနကို တိုင်ကြားပေးပို့နိုင်တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနဲ့ နီးစပ်သူတယောက်က “အမှိုက်စည်းကမ်းမဲ့ စွန့်ပစ်တာတွေ လျော့နည်းဖို့ဆိုရင် စည်ပင်တခုတည်းနဲ့ မလုံလောက်ဘူး၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်” လို့ ပြောပါတယ်။
မြို့ပေါ်ရေမြောင်းတွေထဲ အမှိုက်ပိတ်ဆို့နေတာကြောင့် မိုးရာသီမှာ ရေစီးဆင်းဖို့ ခက်ခဲပြီး နှစ်တိုင်း ရေလျှံတာကို ကြုံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










