
တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ခရစ်ပ်တိုငွေကြေးလဲလှယ်ရေးစင်တာ ဖြစ်တဲ့ Bithumb ဟာ သုံးစွဲသူတွေကို ပရိုမိုးရှင်းအစီအစဉ်တရပ်အတွင်း မတော်တဆ အမှားအယွင်းကြောင့် ဒေါ်လာ ၄၄ ဘီလီယံလောက် တန်ဖိုးရှိတဲ့ Bitcoin တွေကို အသုံးပြုသူတွေဆီ ပေးပို့မိခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒီဖြစ်ရပ်ကြောင့် အဲဒီငွေကြေးပလက်ဖောင်းပေါ်မှာ ရုတ်တရက် အရောင်းအဝယ်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ပါတယ်။
Bithumb ခရစ်ပ်တို လဲလှယ်ရေးစင်တာဟာ ဖေဖော်ဝါရီ ၆ ရက် သောကြာနေ့မှာ ဖြစ်ပွားခဲ့တဲ့ အမှားအယွင်း အတွက် စနေနေ့မှာ ဝက်ဘ်ဆိုက်မှတဆင့် တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။
မှားယွင်းပေးပို့မိတာကို သိသိချင်း ၃၅ မိနစ်အတွင်းမှာပဲ Bithumb ဟာ သက်ဆိုင်ရာ သုံးစွဲသူ ၆၉၅ ယောက်ရဲ့ အကောင့်တွေကို ငွေထုတ်ယူခွင့်နဲ့ အရောင်းအဝယ် ပြုလုပ်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ခဲ့ပါတယ်။
လက်ရှိမှာတော့ မှားယွင်းပေးပို့မိတဲ့ ပမာဏရဲ့ ၉၉ ဒသမ ၇ ရာခိုင်နှုန်းကို ပြန်ရရှိထားပြီဖြစ်လို့ ကုမ္ပဏီအတွက် ဆုံးရှုံးမှုကြီးကြီးမားမား မရှိတော့ဘူးလို့ ဆိုပါတယ်။
မီဒီယာသတင်းတွေအရ ဖေဖော်ဝါရီ ၆ ရက် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ပရိုမိုးရှင်းပွဲရဲ့ အစီအစဉ် တစိတ်တပိုင်းအနေနဲ့ သုံးစွဲသူ တဦးချင်းစီကို ကိုရီးယားဝမ် ၂,၀၀၀ စီ ဆုကြေးပေးဖို့ ဖြစ်ပေမဲ့ စနစ်ချို့ယွင်းမှုကြောင့် ကံထူးသူ တဦးချင်းစီဟာ ဝမ် ၂,၀၀၀ အစား အနည်းဆုံး Bitcoin ၂,၀၀၀ စီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
စုစုပေါင်း ပမာဏအနေနဲ့ ကာလပေါက်ဈေး ဒေါ်လာ ၄၄ ဘီလီယံလောက် တန်ကြေးရှိတဲ့ Bitcoin စုစုပေါင်း ၆၂၀,၀၀၀ အထိ မှားယွင်းရောက်ရှိသွားခဲ့တာပါ။
Bithumb က ဒီဖြစ်ရပ်ဟာ ပြင်ပက ဟက်ကာတွေ တိုက်ခိုက်တာ မဟုတ်သလို လုံခြုံရေးချိုးဖောက်မှုနဲ့ မသက်ဆိုင်ကြောင်း၊ စနစ်လုံခြုံရေးနဲ့ သုံးစွဲသူတွေရဲ့ ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုမှာလည်း ပြဿနာမရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ အာမခံ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ငွေကြေးပမာဏ အလွန်များပြားလွန်းတဲ့အတွက် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ဆောင်မှု ကော်မရှင် (FSC) က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
Bithumb ရဲ့ အတွင်းပိုင်း ထိန်းချုပ်မှု စနစ်တွေကို အသေးစိတ် စစ်ဆေးသွားမှာဖြစ်သလို၊ လိုအပ်ရင် တခြား ခရစ်ပ်တိုအိတ်ချိန်းတွေကိုပါ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။
ဒီအဖြစ်အပျက်ကြောင့် Bithumb ပေါ်က bitcoin ဈေးနှုန်းဟာ ခဏတာအတွင်း ၁၇ ရာခိုင်နှုန်း ထိုးကျသွားကာ ကိုရီးယားဝမ် ၈၁ ဒသမ ၁ သန်းအထိ ကျဆင်းခဲ့ပေမဲ့ နောက်ပိုင်း ဈေးပြန်မြင့်တက်လာပြီး လက်ရှိမှာ ဝမ် ၁၀၄ ဒသမ ၅ သန်းလောက်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
Source: Reuters










