
နိုင်ဂျီးရီးယားရဲတပ်ဖွဲ့ဟာ နိုင်ဂျီးရီးယားပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က လူအမြောက်အမြား ပြန်ပေးဆွဲခံရပြီးနောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သတိထား လုပ်ဆောင်နေကြောင်း သြဂုတ် ၂၇ ရက်မှာ ပြောကြားခဲ့ပြီး ပြန်ပေးဆွဲခံရသူ အရေအတွက် အတိအကျကိုတော့ အာဏာပိုင်တွေဘက်က အတည်မပြုနိုင်သေးပါဘူး။
နိုင်ဂျီးရီးယား ပြည်နယ်ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ ဝါစီယူ အာဘီယိုဒန်က “ကယ်ဆယ်ရေးလုပ်ငန်းဟာ အလွန်ကို သတိကြီးကြီး ထားရတဲ့အလုပ်ဖြစ်ပြီး နည်းပညာပိုင်းလည်း ဆန်ပါတယ်။ အသက်ကိုကယ်တင်ဖို့ ကြိုးစားရင်းနဲ့ ဘာထိခိုက်ပျက်စီးမှုမှ ဖြစ်လို့မရပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ပြန်ပေးဆွဲခံရသူ စုစုပေါင်း ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိရသေးကြောင်းလည်း ပြောကြားပြီး ဒေသခံတွေနဲ့ ဆက်လက်တွေ့ဆုံမေးမြန်းနေရင်း အချက်အလက် အတိအကျ ရတာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်လို့လည်း ဆိုပါတယ်။
နိုင်ဂျီးရီးယား ပြည်ထဲရေးကော်မရှင်နာ မော်ရီကာ မာဂါဂျီ ကတော့ ရဲတပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ နောက်ထပ် အင်အားနဲ့ ထောက်ပံ့မှုတွေ လာနေပြီဖြစ်ကြောင်းနဲ့ “ဒီနေရာဟာ အခုတော့ အန္တရာယ်ရှိတဲ့နေရာ ဖြစ်သွားပြီမို့ ဒီမှာတင် ရပ်ထားမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့တခုဟာ ပြည်နယ်အတွင်းက ဗလီတခုကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လူကြီးတွေ အပါအဝင် လူပေါင်း ၆၀၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို Facebook နဲ့ WhatsApp တို့မှာ တင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုက်တာသတင်းဌာန အနေနဲ့ ဒီကိန်းဂဏန်းကို သီးခြားအတည်မပြုနိုင်သေးပေမဲ့ အတည်ပြုနိုင်ခဲ့ရင်တော့ ဒါဟာ မကြာသေးမီနှစ်တွေအတွင်း နိုင်ဂျီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံးနဲ့ အရဲတင်းဆုံး ပြန်ပေးဆွဲမှုတွေထဲက တခု ဖြစ်လာမှာပါ။
ဒီဖြစ်စဉ်ဖြစ်ရပ်ဟာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားကျင်လည်နေကြတဲ့ နိုင်ငံရဲ့ နယ်မြေအတော်များများကို နိုင်ဂျီးရီးယားအစိုးရအနေနဲ့ မကာကွယ်ပေးနိုင်သေးဘူး ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
လက်နက်ကိုင်တွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နယ်မြေကျွမ်းကျင်မှုနဲ့ တောအုပ်ထူထူထဲမှာ ခြေရာဖျောက် ပုန်းအောင်းနိုင်စွမ်းတွေကြောင့် ဓားစာခံတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းမှုတိုင်းကို ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။
Source: Reuters











