ကင်ညာနိုင်ငံရဲ့ အကြီးဆုံး သတင်းဌာနတွေထဲက တခုဖြစ်တဲ့ The Standard သတင်းဌာနရဲ့ အယ်ဒီတာတယောက်ကို လက်နက်ကိုင်တွေက ပြန်ပေးဆွဲခဲ့ပြီး နာရီပိုင်းအကြာမှာ ၁၂၄ မိုင်ကျော်အကွာက ရေကာတာရဲ့ အစွန်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သူ့အလုပ်ရှင်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ကားပေါ်မှာတပ်တဲ့ လုံခြုံရေးကင်မရာ Dashcam ကနေ ရိုက်ကူးထားပြီး Standard Group ကနေ မျှဝေထားတဲ့ ဗီဒီယိုထဲမှာ ကားတစီးရပ်နေပြီး လက်နက်ကိုင် အမျိုးသားတွေ ထွက်လာတာကို ပြထားပါတယ်။ အမျိုးသားတယောက်ကို ကားထဲထည့်ထားတာ တွေ့ရပါတယ်။
စက်တင်ဘာ ၁ ရက် ညပိုင်းက ပြန်ပေးဆွဲမှုဟာ ဂီလ်ဂီလ်-နာကူရူ လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ The Standard က ဖော်ပြခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ဝတ်ဆင်ထားတဲ့ အဝတ်အစားဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်ပေးဆွဲခံ အယ်ဒီတာ အဲလက်စ် ကစ်ပရိုတစ်ချ် အလုပ်ကနေ ပြန်လာချိန် ဝတ်ထားတဲ့ အဝတ်အစားနဲ့ ကိုက်ညီနေပါတယ်။
Standard Group ရဲ့ တွဲဖက်အယ်ဒီတာ အဲလက်စ် ကစ်ပရိုတစ်ချ်ကို ည ၉ နာရီ မိနစ် ၂၀ လောက်မှာ နာကူရူမြို့နားက ကားပေါ်ကနေ ခေါ်သွားခဲ့တာလို့ ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
နာကူရူမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ ကျော်အကွာက မာဆင်းဂါဆည်နားမှာ သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး ဘေးကင်းကင်းတွေ့ရတယ်လို့ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပေမဲ့ သူ့အခြေအနေ ဒါမှမဟုတ် ပြန်လွှတ်ပေးတဲ့ အခြေအနေ အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။
ကင်ညာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူချီရီညာဂါက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters











