DVB Logo
Home
မြန်မာသတင်း
သာပေါင်းတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသူများကို စစ်တပ်က ပုသိမ်သို့ ပြန်လည်သယ်ယူ
DVB
·
February 6, 2026
သာပေါင်းတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသူများကို စစ်တပ်က ပုသိမ်သို့ ပြန်လည်သယ်ယူ
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ လတ်တလော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များအပြားနေပြီး ပုသိမ်ဘက်ကို ပြန်လည်သယ်ယူနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး သစ်ဝမ်းပူး၊ ကျားခေါင်း၊ သာပေါင်းလေး၊ ကင်မွန်းချုံ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) မဟာမိတ်တပ်တွေ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုသိမ် စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သာပေါင်းတိုက်ပွဲအတွင်းက စစ်သားအလောင်းတွေကို ပြန်သယ်ပြီး ရွှေမြင်တင်သင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်နေတာ တွေ့ရတယ်။ သေဆုံးအလောင်းတွေ အတော်များတယ်။ အလောင်းတွေထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတွေပါ ပါတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းက အလောင်းတွေကို သာပေါင်း ခလရ ၃၀၈ တပ်ရင်းကို တဆင့်သယ်ယူပြီး တပ်ရင်းကနေ စစ်သုံးဖောကား ၄ စီးလောက်နဲ့ ပုသိမ်အခြေစိုက်တပ်တွေဖြစ်တဲ့ နတခနဲ့ မဆရ-၄ တပ်တွေကို မိုးကားတွေအုပ်မိုးကာ သယ်ယူလာတာလို့ သိရပါတယ်။

အခြေအနေကိုသိရှိတဲ့ သတင်းရင်းမြစ်က “စစ်သားအလောင်းတွေကို ညဘက် ၈ နာရီနဲ့ ၉ နာရီ လောက်တွေမှာ ပြန်သယ်ယူနေတာ။ တိုက်ပွဲအတွင်း သေဆုံးမှု အခြေအနေကို သတင်းဖုံးဖို့ လုပ်တာလို့ ထင်တာပဲ။ ဒဏ်ရာရရှိတဲ့သူတွေလည်း ပါတယ်” လို့ ပြောပါတယ်။

အဲဒီ သာပေါင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရသူတွေ များနေတာကြောင့် စစ်တပ်က လေထီးတွေနဲ့ ဗုံးကြဲနေတဲ့အပြင် သာပေါင်း ခလရ ၃၀၈ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်ကနေ စတင် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လတ်တလောအနေနဲ့ ကြိုးကြားကြိုးကြား တိုက်ပွဲတွေရှိနေသလို စစ်ကောင်စီတပ်က သဲဖြူ၊ မရမ်းကျင်း၊ ဖိုးချောင် စတဲ့ဒေသတွေမှာ ခံစစ်ပြင် တပ်စွဲထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013