
ပဲခူးတိုင်း၊ ဇေယျဝတီမြို့မှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်တပ်ဂိတ်ကို ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတယောက် သေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရမိတယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းက ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူတွေကို ပေါ်တာဆွဲ၊ ဆက်ကြေးကောက်နေတဲ့ ဇေယျဝတီသကြားစက်အနီးက စစ်တပ်ဂိတ်ကို တပ်ရင်းရဲ့ ထောက်လှမ်းရေးရဲဘော်တယောက်က ဂိတ်ထဲဝင်ပြီး ၉ မမ ပစ္စတိုတလက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဧရာဝတီအမှတ် ၃ တပ်ရင်း တပ်ဖွဲ့ဝင်က “စခန်းမှာ သူတို့(စစ်တပ်ဖွဲ့ဝင်) ၁၁ ယောက်ရှိတာ၊ အခင်းဖြစ်ချိန်မှာက ဂိတ်ထဲမှာ တဦးပဲရှိတာဗျ။ သူတို့ ၂ ယောက်စီ အလှည့်ကျ စောင့်ကြတဲ့ အခြေအနေမှာ နောက်တယောက်က ကွမ်းယာထွက်ဝယ်နေတာ၊ အဲ့တကောင်တည်းရှိတဲ့ အခြေအနေမှာ ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အဲပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က ၈ ယောက်လောက် အရက်ထိုင်သောက်နေတဲ့ အခြေအနေမျိုး ရှိတယ်ဗျ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်တပ်က တပ်ကြပ်ကြီး သေဆုံးပြီး MA 3 တလက်၊ MA 11 တလက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၄၀ တောင့်ကိုပါ သိမ်းဆည်းရမိခဲ့ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီစစ်တပ်ဂိတ်က ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ကစပြီး ဂိတ်ဖွင့် ဆက်ကြေးကောက်တာ၊ ပေါ်တာဆွဲတာတွေ လုပ်နေတာလို့ ဆိုပါတယ်။
မစ်ရှင်ကာလ အခက်အခဲအနေနဲ့ စစ်ကောင်စီတပ်ရဲ့ နယ်မြေထဲကို ဝင်ပြီး ဝင်ရောက်ရှင်းလင်းရတာ ဖြစ်လို့ လုံခြုံရေးအခြေအနေကို သေသေချာချာ ထောက်လှမ်းပြီးမှ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။










