
ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ မေ ၃၁ ရက်က ခြောက်ဘီးယာဉ်တစီး အရှိန်ပြင်းပြင်းနဲ့ တိမ်းမှောက်တာကြောင့် လူတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၁ နာရီခွဲလောက်က ရန်ကုန်-ပြည်ကားလမ်း ၁၀၈ မိုင် ၁ ဖာလုံ၊ ထောက်ကြန့်ကွင်းကျေးရွာအနီးမှာ ခြောက်ဘီးယာဉ်တစီး တိမ်းမှောက်တာကြောင့် ယာဉ်မောင်းတယောက် သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ ၂ ယောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကို ကူညီဆောင်ရွက်ပေးသူတယောက်က “မောင်းလာတဲ့ယာဉ် တိမ်းမှောက်တာ။ ယာဉ်က စလစ်ဖြစ်ပြီး မှောက်တဲ့ပုံစံ ဖြစ်ပါတယ်။ ယာဉ်က အရှိန်ပြင်းပုံရတယ်။ လမ်းဘေးကို စောင်းကျတာ။ ယာဉ်ပေါ်မှာပါလာတဲ့ လူ ၃ ယောက်ထဲက တယောက်က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဦးခေါင်းရိုက်မိ ထိခိုက်တာကြောင့် ဆုံးသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ အမျိုးသားတွေဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသား ၂ ယောက်ထဲက တယောက် စိုးရိမ်ရပြီး တယောက်က ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သဒ္ဓါဖြူ (အေးမြသာယာ) လူမှုကူညီရေးအသင်းက ယာဉ်နဲ့ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူတယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ တယောက်ကို သာယာဝတီဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










