
ထိုင်းမြောက်ပိုင်း၊ ကမ်ဖိုင်ဖစ်မြို့နယ်ထဲမှာ ဇူလိုင် ၂ ရက် ညက တရားမဝင်မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ဟိုင်းလပ်ကားတစီး မတော်တဆတိမ်းမှောက်သွားပြီး ကားပေါ်ပါတဲ့ မြန်မာ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ ည ၉ နာရီခွဲက ကမ်ဖိုင်ဖစ်မြို့နယ်၊ နားဘော်ခမ်းအုပ်စု၊ ဘန်ခနွန်ရွာအပိုင်းရှိ အမှတ် ၁၁၁၆ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွါးပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း သတင်းရလို့ လူမှုကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက် စစ်ဆေး ခဲ့တယ်လို့ ကမ်ဖိုင်ဖစ်မြို့နယ် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ရဲမှူးနိကွန်းဘိုင်နိမ်းက သတင်းထောက်တွေ ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကောဆမ်ဖီနဲ့ ကမ်ဖိုင်ဖစ်မြို့နယ်ကြား လမ်းမကြီးပေါ်မှာဖြစ်ပြီး တံခါး၄ ပေါက်ပါ အနက်ရောင်တိုယိုတာဟိုင်းလပ်စ်ကားတစီး ပက်လက်အနေအထားနဲ့ ပျက်စီးနေတယ်၊ အမျိုးသား ၂ ယောက် ပွဲချင်းပြီးသေဆုံးနေပြီး ဒဏ်ရာရသူ ၈ ယောက် ရှိကာ ၂ ယောက်မှာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သေဆုံးဒဏ်ရာရသူတွေကို ကမ်ဖိုင်ဖစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ၁၀ ယောက်ဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား တွေ ဖြစ်ကာ ယာဉ်မောင်းကတော့ မှောင်ရိပ်ခိုပြီး ထွက်ပြေးလွတ်မြောက် နေတယ်လို့ သိရပါတယ်။
ကနဦးစစ်ဆေးချက်အရ အခင်းဖြစ်တဲ့အချိန် မိုးတွေရွာနေပြီး လမ်းချော်တာကတကြောင်း၊ ယာဉ်မောင်းဟာ လမ်းမကျွမ်းကျင်တာက တကြောင်းကြောင့် ခုလိုမတော်တဆ ထိခိုက်မှုဖြစ်ရ တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။
အဲဒီလမ်းကြောင်းဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ခိုးသွင်းတဲ့အဖွဲ့တွေ မကြာမကြာ အသုံးပြုတဲ့ လမ်းဖြစ်တယ်၊ ဒဏ်ရာသိပ်မပြင်းထန်တဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး ထွက်ပြေးနေ တဲ့ ယာဉ်မောင်းနဲ့ တရားမဝင်လူတင်သွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းအရေး ယူသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
Source: Khaosod News / CH 8TV News











