
မြန်မာနိုင်ငံက နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးနဲ့ လုံခြုံရေး ပြဿနာတွေကြောင့် နိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ တခြားနိုင်ငံတွေကို ထွက်ခွာပြီး လုပ်ကိုင်စားသောက်နေကြရတာမှာ ထိုင်းနိုင်ငံဘက်ကိုလည်း တရားမဝင် ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရတာတွေ နေ့စဉ်လို ရှိနေပါတယ်။
ကန်ကျနပူရီခရိုင်ဘက်မှာဆို စက်တင်ဘာ ၁၂ ရက် တနေ့တည်း နေရာ ၃ ခုမှ တရားမဝင် မြန်မာနိုင်ငံသား ၆၀ နဲ့ လမ်းပြယာဉ်မောင်း ထိုင်း ၂ ယောက်တို့ ဖမ်းဆီးခံရကြောင်း ကန်ကျနပူရီ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ် နမ့်ကစ် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်စောစောက နယ်မြေတွင်း တရားဥပဒေစိုးမိုးရေး ရာဇဝတ်မှုတွေ ပပျောက်ရေးအတွက် လုံခြုံရေးကင်းလှည့်လည်စဉ် ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု နယ်မြေ ၈ ရှိ ကျွဲကောသီးခြံအနောက်ဘက် တောစပ်မှာ ပုန်းအောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၂၁ ယောက် ပေါင်း ၄၂ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
သူတို့ဟာ ထိုင်းဘာသာစကား နားမလည်တာကြောင့် ဘာသာပြန်နဲ့ ခေါ်ယူစစ်ဆေးရာမှာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ဘုရားသုံးဆူမြို့ (မြန်မာဘက်ခြမ်း) မှာ လူလာစုကြပြီးနောက် လမ်းပြက စစ်ဆေးရေးဂိတ်တွေ ရှောင်ကွင်းပြီး တောလမ်းကနေ ခြေလျင်လျှောက်ကာ ခေါ်ဆောင်လာတယ်၊ ကျွဲကောသီးခြံနားအရောက်မှာ လာကြိုမဲ့ကားကို အဲဒီနားကနေ စောင့်နေဖို့ လမ်းပြကပြောပြီး ပြန်ထွက်သွားပြီးနောက် ကားလာအကြိုကို စောင့်နေစဉ် ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဆန်ခလပူရီရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက် တနေ့တည်းမှာပဲ ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ မသင်္ကာဘွယ် မီးခိုးရောင် တိုယိုတာကားတစီးပေါ်ကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄ ယောက်နဲ့ တရားမဝင် ခေါ်ဆောင်လာတဲ့ အသက် ၂၉ နှစ်ရွယ် လူရွယ်တယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အဆိုပါ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာပဲ ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီခရိုင် နောင်ချန်မြို့နယ် နောင်ချန်အုပ်စုထဲမှာ စစ်ဆေးရေးဂိတ် ဖြတ်ပြီးထွက်ပြေးသွားတဲ့ ကားတစီးကို CIB ဗဟိုရဲတပ်ဖွဲ့ဝင်တွေက နောက်ကလိုက်ဖမ်းတယ်၊ ကားဘီးကို Stop Stick ကိရိယာနဲ့ ပစ်ဖောက်ပြီး ကားထဲပါလာတဲ့ တရားမဝင် မြန်မာ ၁၄ ယောက်နဲ့ ယာဉ်မောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ထိုင်းအမျိုးသားတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ယာဉ်မောင်းက အဆိုပါမြန်မာတွေကို တာ့ခ်ခရိုင် ဝမ်းကျောက်မြို့မှာ သွားကြိုလာပြီး တယောက်ကို ဘတ် ၈၀၀ နှုန်းနဲ့ ဥထိုင်းဌာနီကို ပို့ပေးဖို့ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
မြန်မာတွေကတော့ ပွဲစားကို တယောက် ဘတ် ၉,၀၀၀ မှ ၁၀,၀၀၀ ထိ ပေးရတယ်လို့ ထွက်ဆိုပါတယ်။
ဒီမတိုင်ခင် စက်တင်ဘာ ၁၁ ရက် မနက် ၅ နာရီ မိနစ် ၄၀ လောက်ကလည်း ကန်ကျနပူရီမြို့နယ် လတ်ယာ့အုပ်စုထဲမှာ တာဝန်ရှိသူတွေ စစ်ဆေးရေးဂိတ်ချထားပြီး ယာဉ်အသွားအလာ စောင့်ကြပ် စစ်ဆေးနေတာမှာ အဖြူရောင် မာဇဒါ ဟိုင်းလပ်ကားတစီး မောင်းဝင်လာတယ်။ စစ်ဆေးရေးဂိတ်မှာ အစစ်မခံတဲ့အပြင် အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသွားခဲ့တယ်။ ရဲတွေက အနောက်ကနေ လိုက်ဖမ်းတာမှာ အဲဒီကားဟာ ကဲင်ဆင့်အုပ်စုထဲ မောင်းဝင်သွားတယ်။ ၂၀ ကီလိုမီတာအကွာ မောင်းသွားပြီး ပန်ဖရက်အုပ်စုထဲရောက်တော့ ယာဉ်မောင်းဟာ ကားကို လမ်းဘေးမှာ ထိုးချရပ်လိုက်ပြီး အနီးရှိတောထဲ ထွက်ပြေးသွားပါတယ်။ ကားထဲမှာ အထောက်အထားမဲ့ မြန်မာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက်၊ ပေါင်း ၉ ယောက် ကျန်ခဲ့ပါတယ်။
ဘာသာပြန်မှတဆင့် စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနယ်စပ်ကနေ ဆန်ခလပူရီမြို့နယ်ထဲကို တောထဲကနေ လမ်းလျှောက်ဝင်လာပြီးနောက် ဝချီရာရေ ကာတာကနေ စက်လှေ ၃ နာရီကြာ စီးခဲ့ပြီး ထောင်းဖာဖူးမြို့နယ် ကမ်းစပ်မှာ လာကြိုနေတဲ့ ကားပေါ် လိုက်လာတယ်။ ပွဲစားခ တယောက် ဘတ် ၂၀,၀၀၀ စီ ပေးရမှာဖြစ်ပြီး နောက်ထပ် တယောက်ကတော့ မလေးရှားနိုင်ငံထိ သွားမှာမို့ ဘတ် ၈၀,၀၀၀ ပေးရမှာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝက ဥပဒေအရ အရေးယူဖို့ ကန်ကျနပူရီမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ယာဉ်မောင်းကိုလည်း လိုက်လံစုံစမ်းနေတယ်လို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: Kanchanaburi News











