DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ယားနာကူးစက်မှု မထိန်းချုပ်နိုင်သေး
DVB
·
February 4, 2026
ကရင်နီတွင် ယားနာကူးစက်မှု မထိန်းချုပ်နိုင်သေး
Donate to DVB

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲက ယားနာဝေဒနာ ကူးစက်ခံနေရတဲ့ နေရာတွေကို ဆေးဝါးကူညီမှုတချို့ ရောက်လာပေမဲ့ ရောဂါပြန့်ပွားမှုနှုန်းကို ထိန်းဖို့အထိ မလုံလောက်သေးဘဲ ရွာလုံးကျွတ် ကူးစက်ခံရတာတွေထိ ရှိနေတယ်လို့ ရှားတောမြို့နယ် ကျန်းမာရေးဌာနကနေ သိရပါတယ်။

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲက အသက် ၄ လသားအရွယ် အရေပြားရောဂါ ကူးစက်ခံထားရတဲ့ ကလေးရဲ့မိခင်က “ရေချိုးရင် ပျောက်သွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ဆေးခန်းကို မလာခဲ့လိုက်ဘူး။ နှစ်ရက်ပဲလားမသိဘူး အဲဒါ တကိုယ်လုံး ပျံ့သွားတာ၊ ဒီ ချိုင်းအောက်ကနေ စဖြစ်သွားတာပေါ့။ ချိုင်းအောက်ကနေ တပြင်လုံးဖြစ်သွားတယ်။ ဖြစ်ပြီးရင် သူ့အနာကနေ နည်းနည်းခြောက်လာပြီ ဆိုတာနဲ့ ဖြစ်ပြီးသားနေရာကိုပဲ ထပ်ခါထပ်ခါ ပြန်ဖြစ်တယ်လေ။ ယားရင် နည်းနည်းထဂျီတာတော့ ရှိတာပေါ့၊ နေ့ရောညရော” လို့ ပြောပါတယ်။

ဒီလို ဝေဒနာခံစားနေရတာ သူ့ကလေးတယောက်တည်း မဟုတ်သလို သူတို့ စစ်ရှောင်ရွာ တခုတည်းမှာလည်း မဟုတ်ပါဘူး။

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်နဲ့ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတွေမှာ ယားနာဝေဒနာကို အပြင်းအထန် ခံစားနေကြရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကနေ သိရပါတယ်။

ရှားတောမြို့နယ်က အမှတ် ၁ စစ်ရှောင်လို့ခေါ်တဲ့ အဲဒီရွာမှာတော့ လသားအရွယ် ကလေးတွေနဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေမှာ ပိုအဖြစ်များပြီး ရွာလုံးကျွတ် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

သုံးရေ သောက်ရေ မသန့်တဲ့အပြင် ဆပ်ပြာနဲ့ ဆေးဝါးတွေ မလောက်တဲ့အတွက် ဆေးမြီးတိုတွေနဲ့ပဲ ကုနေကြတာဖြစ်ပြီး ရောဂါကူးစက်မှုနှုန်းက ကျမသွားဘဲ ကလေးတွေဟာ ဝေဒနာကို ထပ်ခါထပ်ခါ ခံစားရတာလို့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတယောက်ရဲ့ မိခင်က DVB ကို ဆက်ရှင်းပြပါတယ်။

“ဆေးခန်းသွားရင် အမြဲတမ်း ဆေးမရှိဘူးတဲ့။ အဲဒီလိုမျိုးကျတော့ အိမ်မှာပဲ အသက်နည်းနည်းကြီးတဲ့ ကလေးတွေဆို သူတို့က တမာရွက်တွေ ပြုတ်ကျိုပေးတယ်။ လုပ်ပေးလိုက်လည်း ခဏပါပဲ၊ လုပ်ပေးတဲ့ အတောအတွင်းလေးမှာပဲ ပျောက်တယ်၊ ပြီးရင် တခါပြန်ဖြစ်တယ်။”

လက်ရှိ ရှားတောမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်းမှာ အရေပြားရောဂါ ကူးစက်မှုဒဏ်ကို ကြုံတွေ့နေရပြီး အဲ့ထဲကမှ ဒေါလဲဒူရွာ၊ ဖားတော်ရွာ၊ စီးကိုလဲရွာနဲ့ အမှတ် ၁ စစ်ရှောင်နေရာ ၄ နေရာက ရွာလုံးကျွတ် ခံနေရတာလို့ ရှားတောမြို့နယ် ကျန်းမာရေးဌာနက ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ပိုက်ဆံရှိရင်တောင် ဆေးဝယ်လို့မရတဲ့ အခြေအနေမျိုးတွေဖြစ်ပြီး ရွာလုံးကျွတ်ဖြစ်နေတဲ့ နေရာတွေကို ကုဖို့ ဆေးဝါးလိုအပ်ချက်တွေ များပြားနေတာပါ။

ရှားတောမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က “သူတို့ ဆေးနဲ့အလှမ်းဝေးတယ်လေ။ ဆေးနဲ့အလှမ်းဝေးတော့ ကျမတို့ဆေးခန်းကို မလာနိုင်ဘူး။ လာနိုင်တဲ့သူ တယောက် ၂ ယောက်လောက်ပဲ လာတယ်။ ကျန်ခဲ့တဲ့သူက ရွာမှာဆိုတော့ အဲဒီ လာနိုင်တဲ့သူကိုပဲ ကျမတို့ ဆေးပေးနိုင်တယ်လေ။ အဲဒီတော့ သံသရာလည်နေတာ၊ မပျောက်ဘူးဖြစ်နေတယ်။ ရွာလုံးကျွတ်မှ မကုရတာ။ ဆေးကတော့ တချို့တော့ရောက်ပြီ၊ မလောက်ဘူးနော်။ လူနာတွေလည်း ဖြစ်လိုက် ပျောက်လိုက်ပဲ၊ အသစ်တွေလည်းထပ်လာတယ်” လို့ ပြောပါတယ်။

ဆေးပညာအရ လက်ရှိ ရှားတောဘက်မှာ ကူးစက်ပြန့်ပွားနေတဲ့ ရောဂါဟာ အရေပြားဝဲရောဂါဖြစ်ပြီး ကုသမှု အလုံအလောက် မရပါက အရေပြားကနေတဆင့် သွေးကြောထဲထိ ပိုးပျံ့နှံ့ပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ပါတယ်။

ဒါကြောင့် ဆေးဝါးမလောက်တဲ့ အခြေအနေမျိုးတွေမှာ စောင်တွေနဲ့ အဝတ်တွေကို ရေနွေးနဲ့ စိမ်လျှော်ပြီး နေပူပြထားတာက ကူးစက်မဲ့ပိုးတွေကို သေစေနိုင်တယ်လို့ လမ်းညွှန်ထားပါတယ်။

ကရင်နီပြည်နယ်ဟာ ဖေဖော်ဝါရီလကစပြီး မိုးရာသီမရောက်မချင်း ရေပြတ်လပ်တဲ့ဒဏ်ကို နှစ်စဥ် ကြုံတွေ့နေရပြီး နောက်ဆက်တွဲအနေနဲ့ စစ်ရှောင်စခန်း အများစုတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေကို ဆက်ခံစားနေကြရပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013