
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။
စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၂ နဲ့ ခမရ ၃၄၄ တို့က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်၊ စပါးထား၊ ခမောင်းတော ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းက ဆားပြင်ကြီး၊ ဇီးကိုင်း၊ ပန်ဇင်းမော် စတဲ့ကျေးရွာတွေကို နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီကတော့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို နေ့တိုင်းလိုလို ရန်စ တိုက်ခိုက်မှုတွေရှိတယ်။ အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်တွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ်က စစ်တွေနဲ့ ထိစပ်နေတဲ့ မိုးစဲကျွန်းက ရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတာ။ ဒေသခံတွေလည်း ရွာမှာတွေ မနေရဲတော့ကြဘဲ လယ်တဲတွေမှာ တိမ်းရှောင်နေကြရတာမျိုးရှိကြတယ်။ အဓိကတော့ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတွေကို ပစ်ခတ်မှုတွေ ပြုလုပ်နေတာ။”
စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတွေက ဇန်နဝါရီ ၂၄ ရက်ကတည်းက စတင်ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်ကိုလည်း ရံဖန်ရံခါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာနဲ့ ပေါက်တောမြို့နယ် သဲခုံကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက တိုက်ခိုက်နေတာဖြစ်ပြီး စစ်တွေမြို့ကို စစ်ရေးအရ ဖိအားပေးနေတဲ့ နေရာတွေဖြစ်တဲ့အတွက် စစ်ရေးအရ လက်ဦးမှု ရယူတာမျိုး ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်အမျိုးသားတယောက်က ပြောပါတယ်။
“လက်ရှိ စစ်ကောင်စီက စစ်တွေမြို့ကနေ ပစ်ခတ်တိုက်ခိုက်တာကို လေ့လာကြည့်ရင် စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးနိုင်တဲ့ နေရာတွေကို တိုက်ခိုက်တာမျိုးတွေ့ရတယ်။ အထူးသဖြင့် စစ်တွေမြို့နယ်နဲ့ အနီးစပ်ဆုံးက ရွာတွေကို စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်အောင် ဒေသခံတွေ နေလို့မရအောင် စစ်ရေးအရ လက်ဦးမှုယူပြီး တိုက်ခိုက်နေတာလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ် စတဲ့ ကျေးရွာတွေက ဒေသခံ သိန်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကို ၂၀၂၄ ခုနှစ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာပါ။
စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ၂၀၂၅ ခုနှစ်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၉ ရက်ကလည်း စစ်တွေအခြေစိုက် ဒကစ-စစ်တွေရဲ့ ကာကင်းစခန်း နှစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။











