
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာနဲ့ အငူမော်ကျေးရွာတို့ ကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၃ ရက်န ဒီမနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်း အမျိုးသားတယောက်နဲ့ ကလေးတယောက်ထိခိုက် သေဆုံး ကာ နောက်ထပ် ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရသေ့တောင်ဒေသခံ သတင်းရင်းမြစ် တွေက ပြောပါတယ်။
ဒီမနက်အစောပိုင်း ၁ နာရီခွဲကစပြီး Y-12 လေယာဉ်နဲ့ ပတ်ကာ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ် ပြီး ရသေ့တောင်မြို့က ၁၅ နှစ်အရွယ် ကလေးတယောက်နဲ့ ပြားချောင်းကြီးကျေးရွာက ၇၀ နှစ် အရွယ် အများသားတယောက် သေဆုံးခဲ့တာလို့ ရသေ့တောင် မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ည ၁ နာရီခွဲမှာ Y-12 နဲ့ လာပြီးနောက် တမြို့လုံးကို ပတ်ပြီး ဗုံးကြဲတိုက်ခိုက်သွားတာ။ မြို့တဖက်က ပြားချောင်းနဲ့ ပြင်ခေါင်ရွာတွေကိုလည်း ဗုံးကြဲခဲ့တာရှိတယ်။ နောက် စစ်တွေတဖက်ကမ်းက အငူမော်ရွာကိုပါ တဆက်တည်း ဗုံးကြဲသွားတယ်။ မြို့ပေါ်က တောင်ရင်းတန်းရပ်ကွက်၊ အရှေ့တောင်ရပ်ကွက်၊ ကမ်းနားလမ်း ပတ်ဝန်းကျင်တွေကို အဓိက ဗုံးကြဲတိုက်သွားတာ။ မြို့ပေါ်က အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်နဲ့ ပြင်ခေါင်ရွာက သက်ကြီး အမျိုးသားတယောက် သေသွားတယ်။ နောက်ထပ်လည်း ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတာရှိတယ်။ အမျိုးသမီး၊ အမျိုးသား အားလုံးပါတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှု များတယ်။ ဒီစစ်ခွေးတွေကတော့ လေယာဉ်အားကိုးနဲ့ ထင်တိုင်ကြဲပြီး ပြည်သူတွေကို နေ့တိုင်း သတ်နေတာ။”
သေဆုံးသွားသူမှာ ရသေ့တောင်မြို့ စိုက်ပျိုးရေးရုံးအနီးက အသက် ၁၅ နှစ်အရွယ် မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးကျေးရွာက အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့ဖြစ်ကြပြီး တခြား ဒဏ်ရာရရှိသူတွေမှာ မြို့ပေါ်ရပ်ကွက်က လူတွေနဲ့ အငူမော်ကျေးရွာက လူတွေများကြပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား အယောက် ၅၀ သေဆုံးပြီး၊ ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြင်းထန်စွာ ကန့်ကွတ် ရှုတ်ချတာ၊ စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ တောင်းဖို့မှုတွေကြားက စစ်အာဏာရှင်တပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၃ ရက်အတွင်း စစ်တပ်က ကျောက်တော်မြို့နယ်က သကြားစက်ရွာနဲ့ သစ်တပုံဆည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာနဲ့ အောင်ဖြူပြင် ကျေးရွာ၊ ရသေ့တောင်မြို့နယ်က မြို့ပေါ်ကရပ်ကွက်တွေ၊ ပြာချောင်းကြီးကျေးရွာ၊ ပြင်ခေါင် ကျေးရွာ၊ အငူမော်ကျေးရွာနဲ့ ဂူတောင်ကျေးရွာ၊ ပေါက်တောမြို့နဲ့ ကြိမ်ခွေမော်ကျေးရွာတို့ အပြင် သံတွဲမြို့တို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဆက်တိုက် ဗုံးကြဲပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ဆက်လက်ကျူးလွန်နေတယ်လို့လည်း အာရက္ခတပ်တော်က အောက်တိုက ၂ ရက်က ထုတ်ပြန် ပါတယ်။
စစ်တပ်ဟာ ညအမှောင်ထု လူတွေ အိပ်ချိန်ကို အငိုက်ဖမ်းပြီး ဗုံးကြဲမှုတွေ နေတိုင်း လုပ်လာနေတာ ကြောင့် ညအချိန်ဆို မအိပ်ရဲတော့ဘဲ ဗုံးခိုကျင်းထဲ ဆင်းထိုင်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“လေယာဉ်သံ ကြားရင်ကို တကိုယ်လုံး တုန်နေကြပြီ။ ညအချိန်တွေဆို လေယာဉ်ဗုံးကြဲတာတွေ နေ့တိုင်းလုပ်လာလို့ အိပ်တောင်မအိပ်ရဲတော့ဘူး။ ညရောက်မှာကို ကြောက်နေကြရတာ။ ညတိုင်းဗုံးကြဲတယ်။ ကိုယ်မြို့မဟုတ်ရင် အနီးအနားက မြို့နယ်ကို ကြဲတော့တာပဲ။ အမှောင်ထုကို လူတွေ အိပ်ချိန်ဆို အငိုက်ဖမ်းပြီး ဗုံးကြဲတိုက်ခိုက်နေတာ။ ဘာကြောင့် ပြည်သူတွေကို ဒီလောက် အငြိုးထားနေရတာလည်း။ စစ်သားချင်းချင်း တိုက်ခိုက်ကြပါလား။ ကျမကတော့ ဒီလို ဗုံးကြဲနေတဲ့ သူတွေနဲ့ သူရဲ့ မိသားစုဝင်တွေအားလုံး ရခိုင်ပြည်သူတွေ ခံစားနေကြရသလို တန်ပြန် ခံစားကြရပါစေလို့ပဲ ပြောချင်တယ်။”
ရခိုင်ပြည်နယ်ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီလပိုင်းထဲပိုမိုပြင်းထန်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
လေကြောင်းဗုံးကြဲမှုတွေဟာ ရက်ဆက်ဆိုသလိုရှိလာပြီး တိုက်လေယာဉ်နဲ့ Y 12 ဟာ မြို့နယ်တိုင်းမှာ နေ့စဉ်ပျံဝဲမှုရှိနေတယ်လို့ သံတွဲဒေသခံတယောက်ကလည်း ပြောပါတယ်။
"ဒီလပိုင်းထဲမှာ လေကြောင်းဗုံးကြဲတာတွေ ပိုစိပ်လာပါတယ်။ လေယာဉ်တွေဆိုတာ နေ့ မရွေး ညမရွေးမြို့ပေါ်လာဝဲတယ်။ တိုက်လေယာဉ်ရော Y 12 ရောပဲ။ ဒီဘက်မြို့နယ်တိုင်းတော့အဲ့လိုပဲ။ လာရင်လည်း တနေရာမဟုတ်တနေရာ အမြဲလိုလို ဗုံးကြဲချခဲ့တယ်။ လေကြောင်းအန္တရာယ်ကတော့ ဒီဘက်မှာအများကြီးစိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။”
နေ့စဉ်ရက်ဆက်ဆိုသလို အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားဗုံးကြဲမှုတွေကြောင့် ရခိုင်ဒေသခံတွေဟာ လေကြောင်းအန္တရာယ်အပေါ် များစွာစိုးရိမ်မှုမြင့်တက်နေကြရတယ်လို့ မြောက်ဦးမြို့ခံတယောက်ကလည်း ပြောပါတယ်။
"ဒီလေယာဉ်ဗုံးကြဲနေတာနဲ့ ဘာမှအလုပ်မဖြစ်ကြတော့ပါဘူး။ အမြဲကြောက်နေရတယ်။ နေ့ဆိုလည်းနေ့၊ ညဆိုလည်းည အိပ်မပျော်ကြဘူး။ ကလေးတွေဆိုလည်း စာကောင်းကောင်း မသင်ရဘူး။ လေယာဉ်သံကြားတာနဲ့ ကျောင်းကပိတ်လိုက်ရပြီ။ လူစည်ကားတဲ့ ဈေးတွေကိုရော ပစ်မှတ်ထားလာတော့ ဈေးလည်းမရောင်းရဲကြတော့ပါဘူး။ လူတွေက အိမ်အပြင် ထွက်ရမှာကိုတောင်ကြောက်နေကြတဲ့အထိပါ။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်ကို ပြန်လည်ရရှိနိုင်ဖို့ စစ်ကြောင်း ၇ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ စစ်ဦးကျိုးပြီး အထိနာကာပြန်ဆုတ်နေကြရတာကြောင့် အရပ်သား ပြည်သူတွေကို ဖိအားပေးပြီး အခုလို ဗုံးကြဲတိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်နေတာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ရခိုင်ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တယ်ရာယ် အထူးသတိထားနေထိုင်ကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










