
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် စစ်အာဏာရှင်တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က စက်တင်ဘာ ၃ ရက်နေ့မှာ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာ ၇ ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ စက်တင်ဘာ ၄ ရက်နေ့မှာ စစ်အာဏာရှင်တပ်ဟာ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့နဲ့ မြို့နယ်တောင်ပိုင်းက ကျေးရွာ ၇ ရွာထက်မနည်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းဗုံးကြဲတာတွေလုပ်ခဲ့ပါတယ်။
ပြုလုပ်ခဲ့တဲ့ အတွက် စက်တင်ဘာ ၄ ရက်နေ့မှာ စစ်တွေအခြေစိုက်တပ်ရင်းတွေနဲ့ ရေတပ်သင်္ဘောတွေက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီမြို့နယ်နှစ်ခုက ကျေးရွာ ၂၀ နီးပါးက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတယောက်က “စစ်တွေက လက်နက်ကြီးပစ်တာတွေက ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေနဲ့ပုဏ္ဏားကျွန်းကြားက ရွာတွေထဲ ကျတာရှိတာ။ နောက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်လုပ်နေတယ်။ ရွာထဲမှာ လက်နက်ကြီးကျည်တွေကျတာ၊ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာတတော့ လူတွေက မနေရဲတော့ဘူး။ တိုက်ပွဲကလည်း အတော်လည်းပြင်းနေတော့ ဘေးလွတ်ရာတွေကို ရွှေ့ပြောင်း စစ်ရှောင်နေကြရတယ်” လို့ပြောတယ်။
စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ပုဏ္ဏားကျွန်းမြို့နဲ့ မြို့နယ်တွင်းက ယာချောင်း၊ ချောင်းဝ၊ ပဒေသာ၊ ကွမ်းတောင်၊ စပါးထား၊ အိုင်ဒင် စတဲ့ကျေးရွာတို့ကို စစ်အာဏာရှင်တပ်က လက်နက်ကြီးပစ်ခတ်၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအချို့ထိခိုက်မှုရှိသလို၊ ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင် ဂူဝဘုရားလည်း ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်က ရေဖြူကန်၊ ရေပေါက်ချောင်း၊ ယာချောင်း၊ တောင်ပေါက်၊ ချောင်းဝ၊ ဆင်အင်းကြီး၊ ပဒေသာ၊ အထုတ်သည်၊ တံဘက်လှန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
ဒါအပြင် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ကြက်ရိုးဆိပ်၊ ဆားပြင်ကြီးကျေးရွာနဲ့ မယူကမ်း ဒေသက အငူမော်၊ မကျည်းချောင်း၊ အောင်မ၊ ကုလားချောင်း၊ သံချောင်းနဲ့ အောင်ဆိပ်ကျေးရွာ အနီးကိုလည်း စစ်အာဏာရှင်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေဆီကို တိမ်းရှောင်နေကြတာလို့ ဒေသခံတွေကပြောပါတယ်။
ရသေ့တောင်ဒေသခံ အမျိုးသားတယောက်က “စစ်တွေဘက်မှာ တိုက်ပွဲပြင်းတော့ စစ်တွေအခြေစိုက်တပ်တွေနဲ့ ရေတပ်သင်္ဘောတွေက မယူကမ်းဒေသက အငူမော် ကမ်းခြေအနီးက ရွာတွေနဲ့ မိုးစဲကျွန်းကကျေးရွာအချို့ကို လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်လာတာရှိတယ်။ ကျေးရွာအနီး လယ်ကွင်းတွေ၊ တောင်တန်းတွေမှာ လက်နက်ကြီးကျည်တွေ ကျတာအများကြီးပဲ။ ဒေသခံတွေက မလုံခြုံတော့သလို ခံစားလာကြရတာကြောင့် ကြိုတင်ရွှေ့ပြောင်းနေကြရတာ” လို့ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းကနေ စက်တင်ဘာ ၆ ရက် မနက်ပိုင်းအထိ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။











