
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ စက်တင်ဘာ ၂၀ ရက် မနက်မှာ စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပြီး ဒေသခံ သားအမိ ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
အမြောက်တပ် ၃၄၄ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာရှိ ဒေါ်အေးနု အိမ်နားကို ကျရောက်ပြီး ဗုံးစထိမှန်ကာ သားအမိ ၂ ယောက်လုံး သေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက် ၁၀ နာရီကျော်လောက် ရှိမယ်၊ အဲဒီအချိန်မှာ လာကျတာပါ၊ အိမ်နားနဲ့ ကပ်ပြီးကျတယ်။ သားမိနှစ်ယောက်လုံး ဗုံးစထိပြီး သေတယ်။”
သေဆုံးသူတွေကတော့ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုနဲ့ သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ ဖြစ်ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်တွေ အကျဆုံးများနေတဲ့အတွက် မနေ့ မနက် ၇ နာရီလောက်ကလည်း စစ်တွေ ဝါဘိုနဲ့ ခမောင်းတောကို ဗုံးကြဲတိုက်ခိုက်နေသလို ညနေဘက် ၄ နာရီကျော်က စပြီး ၅ နာရီကျော်ထိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်တို့က တိုက်ပွဲနဲ့ နီးစပ်တဲ့ နေရာတွေကိုပါ ဗုံးကြဲခဲ့တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ညနေလောက်မှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားက နေရာတွေပစ်တယ်၊ ၅ နာရီကျော်လောက်မှာ ရသေ့တောင် မူစဲကမ်းဘက်ပစ်တယ်။ အဲဒီမူစဲကမ်းဘက်ကို လက်နက်ကြီးလည်း နေ့တိုင်း ပစ်တယ်၊ ဒေသခံတချို့လည်း ထွက်ပြေးနေတာရှိတယ်။”
အလားတူ စစ်အာဏာရှင်တပ်က ညနေ ၇ နာရီလောက်မှာ ကျောက်ဖြူမြို့နယ် ပတ်ဝန်းကျင်နဲ့ ကြောင်ခိုးချောင်းပတ်ဝန်းကျင်ကိုပါ ဂျက်ဖိုက်တာနဲ့လာရောက်ပြီး ဗုံးကြဲခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အခုလို ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ကျောက်ဖြူ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၄ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်လာမူကြောင့် အာရက္ခတပ်တော်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကာ အနီးစပ်ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။











