
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက် ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝေ့ချာချီဝဟာ တကျော့ပြန် နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့ ဘန်ကောက်မြို့ရှိ လူစည်ကားတဲ့ စျေးတခုမှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။
အသက် ၆၁ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ အရင် သူအာဏာရနေချိန်တုန်းက အနက်ရောင်ဆံပင်ပုံစံနဲ့ မတူဘဲ ဆားနဲ့ ငရုတ်ကောင်းအရောင် ဆံပင်ဘေးခွဲစတိုင်ဆိုပြီး လူတွေပြောနေကြတဲ့ အဖြူအမည်း ရောနေတဲ့ ဆံပင်အရောင်နဲ့ လူအများရှေ့ ထပ်မံပေါ်ထွက်လာတာဖြစ်ပြီး လမ်းတလျှောက်မှာ ပြည်သူတချို့က ဆယ်လ်ဖီဓာတ်ပုံ အတူရိုက်ဖို့ ရပ်တန့် တောင်းဆိုကြတာကို တွေ့ရပါတယ်။
လတ်တလော စစ်တမ်းတွေအရ အဘီဆစ်ဟာ ဝန်ကြီးချုပ်လောင်း ၅ ယောက်အနက် ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖုန်း ရူအန်ပညာဝတ်နဲ့ လက်ရှိဝန်ကြီးချုပ် အနုထင်း တို့ရဲ့ နောက်မှာ တတိယနေရာကနေ ကပ်လိုက်နေပါတယ်။
အဘီဆစ် ကတော့ ပြည်သူတွေအနေနဲ့ ရွေးချယ်စရာ နည်းပါးနေတဲ့အပေါ်မှာ သူ့အနေနဲ့ ရွေးချယ်စရာအသစ်တခု ပေးချင်တာဖြစ်ကြောင်းနဲ့ ပါတီကို အသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မဲဆန္ဒရှင် ၄ ဒသမ ၅ သန်းနဲ့ လွှတ်တော်အမတ် ၃၃ ယောက်ရှိတဲ့ နိုင်ငံအတွင်း အကြီးဆုံး မဲဆန္ဒနယ်ဖြစ်တဲ့ ဘန်ကောက်မြို့တော်မှာ အနိုင်ရဖို့တော့ ခက်ခဲမယ်လို့လည်း အဘီဆစ်က ဝန်ခံခဲ့ပြီး ပြင်ဆင်ချိန် အလုံအလောက် မရခဲ့ဘူးလို့လည်း ပြောပါတယ်။
ဒီတကြိမ် ရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် အနုထင်းက ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခ ဖြစ်ပွားနေချိန်မှာ အမျိုးသားရေးဝါဒကို အသုံးချပြီး လွှတ်တော်ကို ရုတ်တရက် ဖျက်သိမ်းကာ ခပ်စောစော ကျင်းပခဲ့တာပါ။
၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အဘီဆစ်ရဲ့ ပုံရိပ်ကြောင့် ထိုင်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး “ဒီမိုကရက်ပါတီ” ဟာ အခုအခါမှာ ပြန်လည်ဦးမော့လာတဲ့ အလားအလာတွေ ရှိနေပြီလို့ ခန့်မှန်းပြောဆိုနေကြပြီး အာဏာရ ဖုမ်းကျိုင်းထိုင်းပါတီ၊ တိုးတက်သော ပြည်သူ့ပါတီနဲ့ လူကြိုက်များတဲ့ ဖွေ့ထိုင်းပါတီတို့ရဲ့ သုံးပွင့်ဆိုင် ယှဉ်ပြိုင်မှုလို့ ထင်ရတဲ့ ရွေးကောက်ပွဲအားပြိုင်မှုတွေ အကြားမှာ အရေးပါတဲ့ စတုတ္ထအင်အားစု ဖြစ်လာနိုင်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
ဘန်ကောက်မြို့က အမတ်နေရာ ၃၃ နေရာဟာ ဒီမိုကရက်ပါတီအတွက် စိန်ခေါ်မှုကြီး ဖြစ်နေပေမဲ့ အဘီဆစ်ရဲ့ တကျော့ပြန် လှုပ်ရှားမှုက ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမှာ အဆုံးအဖြတ်ပေးနိုင်မဲ့ အင်အားစု ဖြစ်လာနိုင်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ယူဆနေကြပါတယ်။
Source: Reuters










