ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အားကျသူ လက်ယာယိမ်းနိုင်ငံရေးသမား အဘယ်လာဒို ဒီလာ အက်စ်ပရီယဲလားက မဲအများဆုံး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ မဲထက်ဝက်ကျော် မရရှိခဲ့တဲ့အတွက် ဒုတိယမဲအများဆုံးရတဲ့ လက်ဝဲဝါဒီ အထက်လွှတ်တော်အမတ် အီဗန်စီပေဒါနဲ့ ဇွန် ၂၁ ရက်မှာ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရမှာပါ။
မေ ၃၁ ရက် သမ္မတရွေးကောက်ပွဲ မဲရလဒ်ဟာ နိုင်ငံရေး အစွန်းနှစ်ဖက်က ကိုယ်စားလှယ်တွေရဲ့ အားပြိုင်ပွဲဖြစ်ခဲ့ပြီး အက်စ်ပရီယဲလားက မဲ ၄၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိသလို စီပေဒါကတော့ မဲ ၄၁ ရာခိုင်နှုန်းနီးပါး ရရှိထားပါတယ်။
မနှစ်က မဲဆွယ်ပွဲတခုမှာ သမ္မတလောင်းတယောက် လုပ်ကြံခံရမှု အပါအဝင် ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်မှုစတဲ့ အကြမ်းဖက်မှုတွေဟာ ဒီရွေးကောက်ပွဲကာလမှာ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တာပါ။
ဆယ်စုနှစ်ချီကြာနေပြီး မကြာသေးခင်နှစ်ပိုင်းမှာ ပြန်ဆိုးရွားလာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဒီကိုယ်စားလှယ်နှစ်ယောက် စလုံးက ကွဲပြားတဲ့ မူဝါဒတွေ အသီးသီး ချပြထားပါတယ်။
"ကျားသစ်"လို့ လူသိများတဲ့ အက်စ်ပရီယဲလားက "နောက် ၂၁ ရက်မှာ ကျနော်တို့ ကိုလံဘီယာနိုင်ငံရဲ့ သမိုင်းကြောင်းကို ထာဝရ ပြောင်းလဲပစ်တော့မှာပါ" လို့ ပြောပါတယ်။
သူဟာ ရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့ စစ်တပ်ကို အာဏာတိုးပေးမှာ ဖြစ်သလို အကျဉ်းထောင်ကြီးတွေ ဆောက်လုပ်မယ့် သံမဏိစည်းကမ်း မူဝါဒကို ကျင့်သုံးဖို့ ကတိပြုထားပါတယ်။
လက်ရှိသမ္မတ ဂူစတာဗိုပေထရိုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ စီပေဒါကတော့ လူမှုဖူလုံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိပေးထားပါတယ်။










