နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်းမှာ သူ့နာမည်ပါသလို သဘောထားပြီး မဲပေးကြဖို့နဲ့ ရီပတ်ဘလီကန်တွေ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အများစု အနိုင်ရရင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထပ်မံမဲဆွယ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်က အလာစကာပြည်နယ် ဝါဆီလာမြို့မှာ ကျင်းပတဲ့ မဲဆွယ်ပွဲမှာ ထရမ့်ပ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဒန် ဆူလီဗန်ကို ထောက်ခံမဲပေးကြဖို့ တိုက်တွန်းခဲ့တာပါ။
“တခုလောက် ကူညီကြပါ။ မဲစာရင်းမှာ ကျုပ်နာမည် ပါနေတယ်လို့ သဘောထားပြီး မဲပေးကြပါ။ မဲစာရင်းမှာ ကျုပ်နာမည်ပါတိုင်း ကျုပ်တို့နိုင်တယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
“အချုပ်ပြောရမယ် ဆိုရင်တော့ နိုဝင်ဘာ ၃ မှာ ရီပတ်ဘလီကန် အောက်လွှတ်တော်နဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်ဖြစ်ရင် ခင်ဗျားတို့ ဒေါ်လာ ၅,၀၀၀ ရပြီပဲ” လို့လည်း ထရမ့်ပ်က ထပ်ပြောခဲ့ပါတယ်။
ဒီငွေကို အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား အားလုံးကို ပေးမယ်လို့ ထရမ့်ပ်က ကတိပြုထားပေမဲ့ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် ကုန်ကျနိုင်တဲ့ အစီအစဉ်အတွက် လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်နေပါတယ်။
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အောက်လွှတ်တော် ၄၃၅ နေရာလုံးနဲ့ အထက်လွှတ်တော် ၁၀၀ နေရာထဲက ၃၅ နေရာကို ရွေးကောက်မှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်ဟာ နောက်နှစ်နှစ်အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်ကို ဘယ်ပါတီက ထိန်းချုပ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
အလာစကာပြည်နယ်မှာတော့ လက်ရှိ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဒန် ဆူလီဗန်နဲ့ ဒီမိုကရက်ပါတီက မေရီ ပယ်လ်တိုလာတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေပြီး မဲဆန္ဒရှင် စစ်တမ်းတချို့မှာ ပယ်လ်တိုလာက အနည်းငယ် အသာရနေပါတယ်။
အီရန်နဲ့ စစ်ပွဲကြောင့် ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ မြင့်တက်လာတာဟာ အလာစကာ အပါအဝင် အမေရိကန်ပြည်သူတွေအတွက် အဓိကစိုးရိမ်စရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ အီရန်စစ်ပွဲဟာ မကြာခင် ပြီးဆုံးမှာဖြစ်ပြီး လောင်စာဆီဈေးနှုန်းတွေလည်း ပြန်လည်ကျဆင်းလာမယ်လို့ ထရမ့်ပ်က မဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။











