
ဂရိနိုင်ငံကမ်းလွန်ရှိ အဲဂျီယန် ပင်လယ်မှာ ဖေဖော်ဝါရီ ၃ ရက်က ကမ်းရိုးတန်းစောင့်တပ် သင်္ဘောတစင်းနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့လှေတို့ ကိုင်းယို့စ်ကျွန်းအနီးမှာ တိုက်မိခဲ့ကြပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၁၄ ယောက် သေဆုံးသွားခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောကြားခဲ့ပါတယ်။
တူရကီကမ်းခြေနဲ့ မိုင်အနည်းငယ်သာ ဝေးကွာတဲ့ ကိုင်းယို့စ်ကျွန်းဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ စက်လှေကို တွေ့ရှိချိန်မှာ ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ကြောင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါပေမဲ့ လူမှောင်ခိုသမားတွေက စက်လှေကို ကမ်းခြေစောင့်သင်္ဘောဘက်ကို ဦးတည် မောင်းနှင်ခဲ့တာကြောင့် လှေတိုက်မိသွားတာလို့ အရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ လှေတိုက်မိပုံ အခြေအနေကို ရိုက်တာက သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ဒီအဖြစ်အပျက်ကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။
ရွှေ့ပြောင်းအခြေချသူ ၂၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ လှေပေါ်မှာ လူ ၃၀ မှ ၃၅ ယောက်လောက် ရှိနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကမ်းခြေစောင့်သင်္ဘောတွေ၊ ပုဂ္ဂလိကလှေတွေနဲ့ ရေငုပ်သမားတွေကို အသုံးပြုပြီး ကျန်နေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေရဲ့ နိုင်ငံသား အချက်အလက်ကိုလည်း မသိရသေးပါဘူး။
ဥရောပသမဂ္ဂရဲ့ အရှေ့တောင်ဘက်စွန်းမှာ တည်ရှိတဲ့ ဂရိနိုင်ငံဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှနိုင်ငံတွေက ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေအတွက် ဥရောပကို ဝင်ရောက်ရာ အဓိက တံခါးပေါက်တခုအဖြစ် ကာလကြာရှည် အသုံးပြုလာကြတာ ဖြစ်ပါတယ်။
Source: Reuters










