
ထိုင်ဝမ်ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်မဟုတ်ဘဲ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတွေအပေါ် မှီခိုအားထားရမယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။
သူ့အစိုးရက ဉာဏ်ရည်တု (AI) နဲ့ အရေးကြီးတဲ့ သတ္တုတွေလို နယ်ပယ်တွေမှာ အမေရိကန်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အစီအစဉ်ကို ပုံဖော်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အရင်သမ္မတသက်တမ်းတုန်းက အစိုးရလက်ထက်မှာ စခဲ့တဲ့ အဆင့်မြင့်ဖိုရမ်တခုမှာ ဉာဏ်ရည်တုနည်းပညာနဲ့ ဒရုန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ထိုင်ဝမ်နဲ့ အမေရိကန် အကြီးတန်းအရာရှိတွေ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ထိုင်ဝမ်အစိုးရကို “အရေးကြီးတဲ့ မိတ်ဖက်” အဖြစ် ချီးကျူးခဲ့ပါတယ်။
နှစ်ဖက်စလုံးက စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အမေရိကန်ဦးဆောင်တဲ့ Pax Silica ကြေညာချက်တို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ အမေရိကန်အစိုးရရဲ့ အဓိက မဟာဗျူဟာမြောက် ပြိုင်ဘက် တရုတ်ပြည်မကြီးအစိုးရနဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုအကြား ဉာဏ်ရည်တု (AI) နဲ့ တပိုင်းလျှပ်ကူး ပစ္စည်းတွေအတွက် ထောက်ပံ့ရေးကွင်းဆက်တွေ လုံခြုံစေဖို့ ရည်ရွယ်တဲ့ အမေရိကန်ဦးဆောင်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
တန်းတူညီမျှမှုနဲ့ အချိုးကျ ညီမျှမှုအပေါ် အခြေခံပြီး တရုတ်ပြည်မကြီးအစိုးရနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို လိုင်က သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ ထပ်ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံက လိုင်နဲ့ ဆွေးနွေးဖို့ ငြင်းဆိုပြီး သူ့ကို “ခွဲထွက်ရေးသမား” လို့ ခေါ်ဆိုခဲ့ပါတယ်။
ထိုင်ဝမ်ပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့လည်း လိုင်က ပြောခဲ့ပါတယ်။
Source: Reuters











