
တရုတ်နိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ နှစ်ဖက်ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမျှတအောင် ကြိုးပမ်းဆောင်ရွက်ရင်း တချိန်တည်းမှာ တည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းထားရှိသွားမယ်လို့ သဘောတူခဲ့ကြပါတယ်။
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ယန္တရားအောက်မှာ နောက်ထပ် အစည်းအဝေးကို ၂၀၂၇ ခုနှစ် မတ်လမှာ ကျင်းပဖို့ကိုလည်း သတ်မှတ်ခဲ့ကြပါတယ်လို့ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်ထောင်နဲ့ ကုန်သွယ်ရေးစီးပွားရေး လုံခြုံရေးဆိုင်ရာ ဥရောပကော်မရှင်နာ မာရော့စ် ဆက်ဖ်ကိုဗစ် တို့ဟာ ပေကျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ တရုတ်-EU ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးယန္တရားရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ပူးတွဲ ဦးဆောင်ကျင်းပခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယန္တရားရဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပပြီးချိန်ကစပြီး နှစ်ဖက်စလုံးက အကြိမ်ရေ အများကြီး အသေးစိတ်ကျကျ ဆွေးနွေးခဲ့ကြကာ တိုးတက်မှုတွေရပြီး မျှော်မှန်းချက်တွေ တည်ငြိမ်စေရေး အထောက်အကူဖြစ်စေခဲ့တယ်လို့လည်း ဝမ်က ပြောပါတယ်။
“ဒီဆွေးနွေးညှိနှိုင်းမှုတွေရဲ့ အကြိမ်ရေနဲ့ ထိရောက်မှုတွေက ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီပါတယ်။ အဖွဲ့နှစ်ဖွဲ့စလုံးဟာ အလွန်ပြင်းထန်ပြီး စိန်ခေါ်မှုများတဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။”
မာရော့စ် ဆက်ဖ်ကိုဗစ် ကလည်း ဒီလိုအသေးစိတ်ကျကျနဲ့ အားသွန်ခွန်စိုက် ဆွေးနွေးဖလှယ်မှုတွေကို ကြိုဆိုခဲ့ပြီး အဓိက ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်ခြင်းရဲ့ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။
Source: Reuters











