
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ပထဝီဝင် အနေအထားအရ ပိုင်နက်နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်းများ ဖြစ်သည်နှင့်အမျှ နှစ်နိုင်ငံ ဆက်ဆံရေးကို “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဟု တင်စားကာ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးလာမှုသည် အစိုးရအဆက်ဆက် ကြာလရှည်လျားစွာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုကြောင့် လတ်တလော ဖြစ်ပေါ်နေသော ဒေသတွင်း အခြေအနေများနှင့် စီးပွားရေး၊ စစ်ရေး ဖြစ်စဉ်များကို ကြည့်ရှုပါက တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှုသည် သာမန်သံတမန်ရေးလွမ်းမိုးမှုထက် ကျော်လွန်၍ မြန်မာပြည်သူများ၏ နေ့စဉ်လူမှုဘဝနှင့် နိုင်ငံ၏ မဟာဗျူဟာမြောက် အရွေ့များအထိ ထိုးဖောက်ဝင်ရောက် လွှမ်းမိုးနေပြီဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့ရသည်။
အထူးသဖြင့် နယ်စပ်ဒေသများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်တွင် တရုတ်၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ငွေကြေးဆိုင်ရာ လွှမ်းမိုးမှုမှာ သိသိသာသာ မြင့်မားလာသည်။ ရှမ်းမြောက်တွင် တရုတ်နံပါတ်ပြားတပ် ကားများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ပိုမိုအများအပြား တွေ့ရှိလာရပြီး၊ တရုတ်စာသားပါဆိုင်များကို အနှံ့အပြားမြင်တွေ့လာရပြီး စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအရ တရုတ်စာနှင့် တရုတ်စကားကို မဖြစ်မနေ လေ့လာအသုံးပြုနေကြရသည်။ ဒေသခံပြည်သူ အချို့ဆိုလျှင် မြန်မာကျောင်းပညာရေးထက် တရုတ်စာသင်ကြားနိုင်ရေးကိုသာ မိသားစု၀င်များကအဓိက တွန်းအားပေးသည့် အခြေအနေများ ရှိလာနေပြီ ဖြစ်သည်။ လူငယ်အများစုသည် အရွယ်ရောက်ပါက တရုတ်ပြည်သို့ သွားရောက် လုပ်ကိုင်ရန် ပိုမိုတွေးတောလာကြသဖြင့် နယ်စပ်တလျှောက် တရုတ်၏ လွှမ်းမိုးမှု အများဆုံး ခံနေရကြောင်း ဒေသတွင်း အရင်းအမြစ်များက ဆိုကြသည်။
"တရုတ်စကား တရုတ်စာတတ်ရင် လခကောင်းတယ်၊ အခုက ဘွဲ့ရလည်းအသုံးမ၀င်ဘူး"ဟု တရုတ်စကားပြောသင်တန်းပြန်တက်နေရသည့် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ရှမ်းမြောက် သိန်းနီဒေသခံ အမျိုးသမီးတဦးက "ကျမက ဒီကို ၉ လသားကတည်းက ရောက်တာ။ ရှမ်းပြည်မှာ မွေးတာမဟုတ်ပေမဲ့ ကိုယ့်ဇာတိလိုဖြစ်နေပြီ။ ဒါပေမဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေ ၀င်လာတော့ ကျမတို့ယဉ်ကျေးမှုအဓိကတော့ ရှမ်းယဉ်ကျေးမှုတွေ ပျောက်မှာ စိုးရတယ်။ အရင်က ငွေကျပ် ၁၀၀/၂၀၀၀ဟာ သုံးလိုရပေမဲ့ အခုချိန်မှာ ဘာမှအသုံးမ၀င်တော့ဘူး”ဟု ပြောသည်။
အခြားတဖက်တွင်လည်း ပြည်တွင်း၌ ကုန်ထုတ်လုပ်မှု အားနည်းချိန်တွင် စားသောက်ကုန်၊ လူသုံးကုန်မှသည် စက်ပစ္စည်းများအထိ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို အဓိကထား အားကိုးနေရသည်။ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာအလုပ်သမား အမြောက်အမြားသည် ရွှေလီ၊ ကျယ်ခေါင် အစရှိသည့် တရုတ်နယ်စပ်မြို့များသို့ သွားရောက် လုပ်ကိုင်နေကြရပြီး နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နီနှင့် တပတ်ကတ်များ ပြုလုပ်ရာတွင် ကျပ် သိန်းဆယ်ချီ ကုန်ကျကာ အခက်အခဲများရှိသဖြင့် အထောက်အထားမဲ့ ဖြတ်ကျော်သူများလည်း များပြားလာသည်။
နယ်စပ်သွင်းကုန်ထုတ်ကုန်များကို စစ်တပ်၏ ကန့်သတ်ချက်များဖြင့် သယ်ယူနေရခြင်းကြောင့် ကုန်းပစ္စည်းအချို့မှာ သာမန်ထက်ဈေးမြင့်လာရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ တရုတ်ငွေ ယွမ် ၁၀၀ လျှင် မြန်မာငွေ ၆၅,၀၀၀ အထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး ဒေသခံများသည် အခြေခံလစာကို မြန်မာကျပ်ငွေဖြင့် ရရှိသော်လည်း စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်များကို ယွမ်ဈေးဖြင့် ဝယ်ယူနေရသဖြင့် ပိုမိုကျပ်တည်းလာကြသည်။
ဆက်သွယ်ရေးနည်းပညာအရဆိုလျှင်လည်း တရုတ်လူမှုကွန်ရက်နှင့် ငွေပေးချေမှု အက်ပ်တခုဖြစ်သည့် WeChat ကို လုပ်ငန်ရှင်များအဓိကထား အသုံးပြုနေကြရပြီး အချို့ဖုန်းဆိုင်များတွင် WeChat အကောင့်တခုကို ငွေကြေး ကျပ်သိန်းဂဏန်းအထိ ပေးဝယ်နေကြရသည်အထိ နည်းပညာဆိုင်ရာ မှီခိုမှုမှာလည်း ကြီးမားလျက်ရှိသည်။
နိုင်ငံအဆင့် စီးပွားရေးဆိုင်ရာ အဆုတ်အတက်များတွင်လည်း တရုတ်၏ မဟာဗျူဟာမြောက် ပါဝင်မှုမှာ အဓိကကျနေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကဲ့သို့ စီမံကိန်းများသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် အရေးပါရုံမက မြန်မာနိုင်ငံအတွက်လည်း ကြီးမားသည့် စီးပွားရေးမှီခိုမှုတခု ဖြစ်စေသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ သတ္တုနှင့် သယံဇာတ ထုတ်ယူရေး ကဏ္ဍများတွင် တရုတ် ရင်းနှီးမြှုပ်နှံသူများ၏ စိမ့်ဝင်မှုမှာ လွန်စွာ ကြီးမားနေပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို တရုတ်ဘက်က ပိတ်လိုက်၊ ဖွင့်လိုက် ပြုလုပ်ရုံမျှဖြင့် မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် ယန္တရားတရပ်လုံး ရပ်တန့်သွားသည်အထိ ကုန်သွယ်ရေးအရ ချုပ်ကိုင်နိုင်စွမ်း ရှိနေသည်။
စီးပွားရေးအပြင် စစ်ရေးနှင့် ပထဝီနိုင်ငံရေးအရ တရုတ်၏ ပါဝင်ပတ်သက်မှုမှာ ပို၍ပင် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ် MNDAA ကိုးကန့်တပ်ကက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အဓစ) စိုက်ရာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းသည် စစ်တပ်အတွက် သမိုင်းဝင် ထိုးနှက်ချက်ဖြစ်ခဲ့သည်။ သို့သော် လားရှိုးအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်း အပါအဝင် ပြင်းထန်သော စီးပွားရေးနှင့် နိုင်ငံရေး ဖိအားများကို MNDAA အပေါ် ဆက်တိုက် ပေးခဲ့သည်။ ထိုဖိအားများကြောင့် MNDAA က လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပေးရန် သဘောတူခဲ့ရပြီး စစ်အာဏာရှင်တပ်က လားရှိုးမြို့ထဲသို့ ပြန်လည်ဝင်ရောက်ကာ ထိန်းချုပ်မှု ပြန်ယူနိုင်ခဲ့သည့် ဖြစ်စဉ်သည် စစ်ရေးအရွေ့များကိုပင် တရုတ်နိုင်ငံက မည်မျှအထိ ကြိုးကိုင်ခြယ်လှယ်နိုင်ကြောင်း ပြသနေသည်။
တရုတ်လွမ်းမိုးမှုဟာ နယ်စပ်ဒေသ ကုန်သွယ်ရေး၊ သယံဇာတနှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးဈေးကွက်၊ လူမှုရေးနှင့် နည်းပညာ အသုံးပြုမှုများ၊ လုပ်သားအင်အားနှင့် ဒေသတွင်း စစ်ရေးဆိုင်ရာ အဆုံးအဖြတ်များတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုသည် ငြင်းပယ်၍မရနိုင်အောင် စိမ့်ဝင်နေပြီဖြစ်သည်။
ဤသို့ ဩဇာကြီးမားလာခြင်းသည် တဖက်တွင် ဒေသတွင်း စီးပွားရေးနှင့် တည်ငြိမ်ရေးကို တရုတ်ကထိန်းညှိသည့် ပုံစံမျိုး ရှိသော်လည်း ရေရှည်တွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ ကိုယ်ပိုင်စီးပွားရေး ကြံ့ခိုင်မှုနှင့် အချုပ်အခြာအာဏာဆိုင်ရာ မျှခြေတို့အတွက် သတိထား ထိန်းညှိရမည့် မဟာဗျူဟာမြောက် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါသည်။
ထို့ပြင် တရုတ်၏ လွှမ်းမိုးမှုများ ကြီးစိုးလာခြင်းကြောင့် မိမိတို့၏ နေ့စဉ်လူနေမှုဘဝနှင့် ဒေသတွင်း အနာဂတ်အပေါ် ရိုက်ခတ်မှုများ ပိုမိုရှိလာမည်ကိုလည်း ရှမ်းမြောက်ဒေသခံ တိုင်းရင်းသားအချို့က စိုးရိမ်လျက်ရှိကြပါသည်။
သက်တန့်နွေဦး (နွေဦးနိုင်ကျဉ်းဟောင်း)











