
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအခြေအနေကြောင့် သခွားမွှေးကို ပြည်တွင်းဈေးကွက်မှာပဲ အားထားရောင်းချနေရပြီး အမြတ်မကျန်သလောက်ပဲလို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။
ပြည်တွင်းမှာစိုက်ပျိုးထွက်ရှိတဲ့ သခွားမွှေးတွေကို တရုတ်နိုင်ငံဆီ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပြီး အခုအခါမှာတော့ လမ်းကြောင်းအခက်အခဲတွေကြောင့် တရုတ်နိုင်ငံဆီ မပို့နိုင်ဘဲ ပြည်တွင်း ကိုပဲ အားပြုရောင်းချနေရတယ်လို့ ဆိုပါတယ်။
သစ်သီးကုန်သည်တယောက်က “အခုက တရုတ်ဈေးကွက်က မရှိတော့ဘူးပေါ့။ အဓိက မူဆယ် နယ်စပ်လမ်းကြောင်းပြန်ပွင့်ရင် မဆိုးဘူး ပြောလို့ရတယ်။ တာလော့ဘက်ကနေ သွားရင်လည်း လမ်းကြောင်းကရှည်တော့ အသီးတွေက မလတ်တော့ဘူး။ အဲဒီအခါကျ ဈေးကောင်းလည်း မရတော့ဘူးပေါ့။ ပြည်တွင်းဈေးကွက်ကိုပဲ အားပြုနေရတာပေါ့။ ပြည်တွင်းဈေးကွက်ကလည်း ထင်သလောက်ဈေးမရဘူး။ စိုက်တဲ့တောင်သူတွေအတွက်လည်း ဈေးမရဘူး။ ကုန်သည်တွေလည်း မကိုက်ဘူးပေါ့” လို့ ပြောပါတယ်။
လက်ရှိခြံဖြတ်ဈေးနှုန်းတွေဟာ နေရာဒေသအလိုက်မတူဘဲ ပျမ်းမျှ တလုံးကို ငွေကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ ဝန်းကျင်ပဲရရှိတယ်လို့ သိရပါတယ်။
သခွားမွှေးစိုက်တောင်သူတယောက်က “တရုတ်ကိုပို့နိုင်တုန်းကဆိုရင် အမြတ်က ဒီထက် ၂ ဆ၊ ၃ ဆ ရတယ်။ အခုကျ အရင်းမရှုံးအောင်ကို မနည်းရောင်းနေရတာ။ အဆင်မပြေဘူးလေ” လို့ ပြောပါတယ်။
သခွားမွှေးစိုက်ပျိုးရေးလုပ်ငန်းဟာ အရင်ကတည်းက ကုန်ကျစရိတ် အရင်းအနှီးများပြီး လက်ရှိမှာ စက်သုံးဆီရှားပါးတာ၊ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းတွေတာနဲ့ လုပ်သားရှားပါးတာတို့ကြောင့် အမြတ်ရတာ ပိုနည်းလာပြီး သီးနှံစိုက်ဧကလည်း လျော့ကျလာတယ်လို့ သိရပါတယ်။
သခွားမွှေးတဧကကို စိုက်ပျိုးစရိတ် စုစုပေါင်း ကျပ် ၄၅ သိန်းကနေ သိန်း ၅၀ လောက်အထိ ကုန်ကျတယ်လို့ သိရပါတယ်။











