
တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကြား ပိုင်နက်အငြင်းပွားနေတဲ့နေရာက ရှန်ဘင် ရေတိမ်သောင်ခုံနားမှာ ဖိလစ်ပိုင်သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်တပ် (CCG) ရဲ့ သင်္ဘောတို့ စက်တင်ဘာ ၁၈ ရက်က တိုက်မိခဲ့ပါတယ်။
အဲဒီနေရာကို ဖိလစ်ပိုင်က ဆာဘီးနားကျွန်းစုလို့ ခေါ်ပြီး တရုတ်ကတော့ နန်းရှာကျွန်းစုလို့ ခေါ်ပါတယ်။
ဖိလစ်ပိုင်ဘက်က ကျူးကျော်ဝင်ရောက်ပြီး တမင်သက်သက် ရန်စဝင်တိုက်ခဲ့တာကို အမေရိကန်သံရုံးက ထောက်ခံအားပေးခဲ့တယ်လို့ တရုတ်က စွပ်စွဲရင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
တရုတ်သံရုံးက X လူမှုကွန်ရက်ပေါ်မှာလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး သင်္ဘောချင်း တိုက်မိမှုဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
သောကြာနေ့က ရှန်းဘင်သောင်ခုံနားရေပြင်မှာ တရုတ်ကမ်းခြေ အစောင့်တပ် (CCG) က သင်္ဘောတစင်းဟာ ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်နေတုန်း ဖိလစ်ပိုင်အစိုးရပိုင် သင်္ဘောအမှတ် ၃၀၁၅ က တရုတ်ဘက်က သတိပေးချက်တွေကို လျစ်လျူရှုခဲ့ပြီး၊ သင်္ဘောလမ်းကြောင်းကို တမင်ပြောင်းရင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောရဲ့ရှေ့က ဖြတ်ကျော်ပြီး ရုတ်တရက် အရှိန်မြှင့်မောင်းနှင်ခဲ့လို့ သင်္ဘောချင်းတိုက်မိတာလို့ တရုတ်မီဒီယာတွေက အစီရင်ခံခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လီလစ်ပ်တွန်ကတော့ ‘တရုတ်ကမ်းခြေစောင့်တပ် (CCG) သင်္ဘောတစင်းက ဖိလစ်ပိုင်သင်္ဘောတစင်းကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့တာကို အပြင်းအထန် ရှုတ်ချတယ်။ ဒီလို အန္တရာယ်များပြီး တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ လုပ်ရပ်မျိုးနဲ့ ရင်ဆိုင်ရချိန်မှာ မဟာမိတ် ဖိလစ်ပိုင်ဘက်က ပြခဲ့တဲ့ စဉ်ဆက်မပြတ် ကျွမ်းကျင်ပီသမှုကို အမေရိကန်အနေနဲ့ ချီးကျူးဂုဏ်ပြုတယ်’ လို့ လူမှုကွန်ရက်ပေါ် မှာ တင်ခဲ့ပါတယ်။
တရုတ်သံရုံးကတော့ ဖိလစ်ပိုင်ဘက်က လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းတွေကို အပြင်းအထန်ချိုးဖောက်ရာရောက်ပြီး CCG သင်္ဘောတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
CCG သင်္ဘောက ကျွမ်းကျင်ပြီး စံချိန်စံညွှန်းနဲ့အညီ ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့လို့ ဒီတိုက်မိမှုအတွက် တာဝန်က ဖိလစ်ပိုင်ဘက်မှာသာ အပြည့်အဝရှိတယ်လို့လည်း တရုတ်သံရုံးက ပြောပါတယ်။











