
မြန်မာနိုင်ငံဟာ ဆိုက်ဘာမှုခင်းတွေ၊ အွန်လိုင်းလိမ်လည်မှုကွန်ရက်တွေ၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာ ဗဟိုချက်ဖြစ်လာခဲ့ကြောင်းနဲ့ ဒီကိစ္စတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီလို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့မှာ ဇန်နဝါရီ ၃၀ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ စီးပွားရေး နှင့်လူမှုရေးကောင်စီတို့ရဲ့ အခန်းကဏ္ဍတွေကို ရှင်းလင်းတင်ပြတဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူတွေဟာ ကြီးလေးတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြံ့ကြံ့ခံ ဖြတ်ကျော်နေရပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူတွေ အလုံးလိုက် အရင်းလိုက် နေရပ်စွန့်ခွာ နေထိုင်နေကြရပြီး လူသားစာနာအရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
အခုအခါမှာ လူသားအရင်းအမြစ်တွေနဲ့ အလားအလာကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပါ သိသိသာသာနဲ့ မြန်မြန်ဆန်ဆန်ပင် ပြုန်းတီးနေပြီး စိတ်မကောင်းစွာပင် မြန်မာပြည်သူတွေဟာ နှစ်များစွာ အလကားဆုံးရှုံးခဲ့ရပြီးဖြစ်နေကာ မိမိတို့အတွက် မျိုးဆက်တခုလုံး ဆုံးရှုံးရတော့မယ့် အရေးမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့ သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောသွားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့အနေနဲ့လည်း မြန်မာပြည်သူတွေအပေါ် ယနေ့တိုင် ပျက်ကွက်နေကြောင်း၊ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းလမ်းစဉ်ကလွဲလို့ တခြားလမ်းကြောင်းမရှိဘူးလို့လည်းဆိုပါတယ်။
ဒါကြောင့် အထွေထွေညီလာခံနဲ့ စီးပွားရေးနှင့် လူမှုရေးကောင်စီတို့အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို ထိန်းသိမ်းဖို့နဲ့ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့အား မြှင့်တင်နိုင်ရေးလုပ်ဆောင်ရာမှာ အဆိုပါကြိုးပမ်းတွေကို ကူညီပံ့ပိုးပေးနိုင်မဲ့ အစီအမံအားလုံးကို ထည့်သွင်းပေးဖို့ မြန်မာသံအမတ်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။











