DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂ၌ ဆွေးနွေးမှုကို MMMCC ထောက်ခံ 
DVB
·
November 1, 2026
Photo: UN
Photo: UN
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂမှာ ဆွေးနွေးမှုကို အပြည့်အဝထောက်ခံပြီး မြန်မာစစ်အာဏာရှင်ကို လက်နက်၊ ငွေကြေး စတာတွေ လက်တွေ့ကျကျပိတ်ဆိုဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ၈၁ ကြိမ်မြောက် တတိယကော်မတီ ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာရှင်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ နာမည်ရေးထိုးထားတဲ့ ပုဝါကိုကိုင်ထားရင်း မြန်မာ့အရေးကို လုံခြုံရေးကောင်စီဆီကို တိုက်ရိုက်တင်ပြဖို့ တောင်းဆိုခဲ့တာပါ။

MMMCC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသုတကျော်က “ဦးကျော်မိုးထွန်းမိန့်ခွန်းကို  ကျနော်တို့ အပြည့်အဝထောက်ခံပါတယ်။ ကုလသမဂ္ဂလိုနေရာမှာ ကလေးငယ်ကနေ အဘိုးအဘွားအထိ အသက်ဆုံးရှုံးသူတွေရဲ့ နာမည်တွေကို ခဏဖြစ်ဖြစ် ကြားခဲ့ရတာ အရေးကြီးပါတယ်။ မြန်မာပြည်က လူမျိုးစုအစုံက မွတ်စလင်တွေအပါအဝင် ရိုဟင်ဂျာနဲ့ တခြား ဘာသာရေး၊ လူမျိုးရေး လူနည်းစုတွေကလည်း ဒီအကြမ်းဖက်မှုတွေရဲ့ သားကောင်တွေပါ။ ဒါကြောင့် သူ့တောင်းဆိုချက်ဟာ ကျနော်တို့အားလုံးရဲ့ တောင်းဆိုချက်ပါပဲ” လို့ ပြောပါတယ်။

အဲဒီ တောင်းဆိုချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တဲ့အပြင် နိုင်ငံတကာ ယန္တရားတွေမှာ ဆောင်ရွက်ပိုင်ခွင့်နဲ့ တာဝန်ရှိပြီးဖြစ်တဲ့ကိစ္စရပ်တွေလည်း ဖြစ်တယ်လို့ MMMCC က ဆိုပါတယ်။

ပျက်ကွက်နေတာကတော့ အကောင်အထည်ဖော်ဖို့ဖြစ်ပြီး ဦးကျော်မိုးထွန်းရဲ့ မျက်ရည်နဲ့ ပုဝါပေါ်က အသက်ဆုံးရှုံးသူနာမည်တွေဟာ ကုလသမဂ္ဂခန်းမအတွင်း ခံစားချက်တခုအဖြစ်ပဲ မကျန်ရစ်သင့်ဘူး လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၂ဝ၂၁ ခုနှစ်၊ ဇွန်လမှ မြန်မာစစ်တပ်ဆီ လက်နက်စီးဆင်းမှုကို ကာကွယ်တားဆီးဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပေမဲ့ လက်တွေ့မှာ လက်နက်တွေ ဆက်လက်စီးဆင်းနေဆဲဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာတုန်းက ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံကလည်း ၂ဝ၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပေမဲ့ အကြမ်းဖက်မှုချက်ချင်းရပ်တန့်ရေးဆိုတဲ့ ပထမဆုံးအချက်ကိုတောင် ဒီနေ့အထိ အကောင်အထည်မဖော်နိုင်သေးဘူးလို့ ထောက်ပြထားပါတယ်။

ကိုသုတကျော်က “စစ်အုပ်စုက ဒါကို လုံးဝလျစ်လျူရှုခဲ့တာ မှန်ပါတယ်။ လုံခြုံရေးကောင်စီ ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်ချပြီးကတည်းက နောက်ဆက်တွဲ အရေးယူမှု ဘာမှ မလုပ်ခဲ့ပါဘူး။ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ဘာအကျိုးဆက်ရှိမလဲဆိုတာ မရှိဘူးဆိုရင် အဲဒါက အပိုသက်သက်ပါပဲ။ မြန်မာ့အရေးက ပြည်တွင်းကိစ္စသက်သက် မဟုတ်တော့ပါဘူး။ ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတယ်၊ မြန်မာက ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေတယ်၊ ကျားဖြန့်စခန်းတွေမှာ နိုင်ငံပေါင်းများစွာကလူတွေ အတင်းအကျပ် ခိုင်းစေခံနေရတယ်။ မနေ့တနေ့ကဆို ထိုင်းဘက်ကို လက်နက်ကျတယ်။ ဒါတွေအားလုံးက ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ထိခိုက်နေတာမို့ ချာတာ အပိုဒ် ၉၉ သုံးဖို့ အကြောင်းပြချက်တွေ လုံလောက်ပါတယ်။ လုံခြုံရေးကောင်စီမှာ နိုင်ငံကြီးတွေရဲ့ဗီတိုကို စိုးရိမ်ရတာရှိတယ်။ ဒါပေမဲ့ နိုင်ငံကြီးတွေမှာ ဗီတိုအာဏာရှိပေမဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကိုဆွေးနွေးဖို့တော့  ဂူတာရက်စ်မှာ လုပ်ပိုင်ခွင့်ရှိနိုင်ပါတယ်။ ဂူတာရက်စ်ရဲ့ သက်တမ်းလည်း ဒီနှစ်ကုန်မှာပြီးမှာမို့ အခုပဲ လုပ်သင့်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ သမ္မတနာမည်ခံပြီး အာဆီယံနဲ့ နိုင်ငံတကာကို ပိုခြေဆန့်လာနေတာကြောင့် ကျူးလွန်သူတွေတာဝန်ခံရစေဖို့ အဲဒီလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဖို့လိုတယ်လို့လည်း MMMCC က တိုက်တွန်းထားပါတယ်။

ကိုသုတကျော်က “ခုလက်ရှိအရေးကြီးဆုံးအနေနဲ့  အချက် ၄ ခု ရှိပါတယ်။ တခုက လေယာဉ်ဆီပဲ။ လေယာဉ်ဆီသာ ဖြတ်တောက်ရင် အရပ်သားအသက်တွေကို တိုက်ရိုက် ကာကွယ်နိုင်ပါတယ်။ ဒုတိယက လက်နက်ပိတ်ဆို့ဖို့ပါ။ နိုင်ငံအလိုက်သက်သက်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့ဖို့ လိုပါတယ်။ တတိယက ငွေကြေးလမ်းကြောင်းပါ။ စစ်အုပ်စုရဲ့ အဓိကဝင်ငွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကွင်းဆက်တခုလုံးနဲ့ နိုင်ငံပိုင်ဘဏ် MFTB ကို ပိတ်ဆို့ဖို့၊ စစ်အုပ်စုအတွက် ငွေလွှဲပေးနေတဲ့ ထိုင်း၊ စင်္ကာပူ စတဲ့နိုင်ငံက ဘဏ်တွေကို ဖိအားပေးဖို့ လိုပါတယ်။ နောက်ဆုံးတခုက အကောင်အထည်ဖော်ဖို့ပါ။ ဆန်ရှင်ပိတ်ဆို့အရေးယူမှုတွေ ကြေညာရုံနဲ့ မလုံလောက်ပါဘူး။ ဒီကိစ္စမှာ လက်ထည့်ထားတဲ့ တတိယနိုင်ငံ၊ ကြားခံကုမ္ပဏီတွေကနေ ရှောင်တိမ်းနေတာတွေကို ပိတ်ဖို့ လိုပါတယ်။ အရေးကြီးတာက ပိတ်ဆို့မှုတွေဟာ စစ်အုပ်စုနဲ့ သူ့ခရိုနီတွေကို ပစ်မှတ်ထားရမယ်၊ သာမန်ပြည်သူတွေကို မထိခိုက်စေရဖို့လည်း အတတ်နိုင်ဆုံး သတိထားရပါမယ်” လို့ ပြောပါတယ်။

မြန်မာစစ်အုပ်စုကို လက်နက်၊ စစ်လေယာဉ်၊ အရပ်ဘက် စစ်ဘက်သုံး လေယာဉ်ရောင်းနေတဲ့ နိုင်ငံတွေ၊ လေယာဉ်ဆီပို့တဲ့သင်္ဘောတွေကို ရေကြောင်းအာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီတွေ၊ လက်နက်၊ လောင်စာဆီဝယ်ဖို့ နိုင်ငံတကာငွေလွှဲဘဏ်လမ်းကြောင်းတွေ ပေးသုံးနေတဲ့ စင်ကာပူနဲ့ ထိုင်းဘဏ် စတာတွေရှိနေပြီး ဒီလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ သက်ဆိုင်ရာအစိုးရတွေမှာ တိုက်ရိုက်တာဝန်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ ယန္တရားတွေဟာလည်း မြန်မာပြည်သူတွေအပေါ်တာဝန်ရှိတာကြောင့် အခုပဲ ဆောင်ရွက်ကြဖို့ MMMCC က တိုက်တွန်းတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013