
မြန်မာပြည်သူတွေ ပိုပြီးစည်းလုံးညီညွတ်ကြဖို့နဲ့ တော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ တတ်နိုင်တဲ့ဘက်က ပူးပေါင်းကူညီကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အကြိမ် ၂၀ မြောက် လူသားချင်းစာနာ ကူညီမှု ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ရာမှာ ပြောသွားတာပါ။
ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက်က နယူးယောက်မြို့၊ Saint James Episcopal ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဈေးရောင်းပွဲတော်ကို နယူးယောက်မြို့ အခြေစိုက် မြန်မာအဖွဲ့အစည်း ၆ ခုက ပူးပေါင်း စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဈေးရောင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးအတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။
အဆိုပါ ရန်ပုံငွေ ဈေးရောင်းပွဲမှာ မြန်မာ့ရိုးရာ အစားအစာတွေ၊ နွေဦးတော်လှန်ရေး အထောက်အကူပြု အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ရိုးရာ အဝတ်အထည်တွေကို ရောင်းချခဲ့ကြပြီး၊ ရရှိလာတဲ့ ရန်ပုံငွေတွေကို မြေပြင်က လိုအပ်နေသူတွေကို ကူညီပေးသွားဖို့ ရည်ရွယ်ထားတာပါ။
မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအရေးအတွက် စည်းလုံးညီညွတ်စွာ ဆက်လက် ရပ်တည်ကူညီသွားကြဖို့ သန္နိဋ္ဌာန်နဲ့ ဒီဈေးရောင်းပွဲတော်ကို စီစဉ်ခဲ့တာ ဖြစ်တယ်လို့ နယူးယောက်မြို့ မြန်မာကွန်မြူနတီ (NYCBC) က ထုတ်ပြန်ထားပါတယ်။











