
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့အတွက် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ စက်တင်ဘာလ ၂၆ ရက်က မြန်မာပြည်သူတွေ စုဝေးပြီး ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ထောက်ခံပွဲကို CRPH Support Group Norway အဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနိုင်ဖို့နဲ့ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာ ဆက်လက်ကြားနိုင်ဖို့ အရေးကြီးတဲ့အတွက် ဒီအသံကို နော်ဝေအစိုးရလည်း ကြားစေချင်တာကြောင့် အခုလို ပြုလုပ်ခဲ့ရတာလို့ CRPH Support Group Norway ရဲ့ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက ပြောပါတယ်။
အဲဒီလူထု ထောက်ခံပွဲမှာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရယူထားဖို့ အရေးကြီးကြောင်းကိုလည်း ဟောပြောခဲ့ပါတယ်။
အဆိုပါ လူထုထောက်ခံပွဲကို မြန်မာ့အရေးတက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ပါမောက္ခ ခရစ်ရှန် စတော့ကဲကလည်း တက်ရောက်အားဖြည့်ပေးခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် အလွန်အရေးကြီးကြောင်းနဲ့ မတရားအာဏာသိမ်းထားသူများကို တရားဝင်မှု ဖြစ်စေမဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထောက်ခံဆန္ဒပြသူတွေက နော်ဝေ ပါလီမန်ရှေ့ကစတင်ခဲ့ပြီး တော်လှန်ရေးသီချင်းတွေဖွင့်ကာ ကြွေးကြော်သံများ ဟစ်ကြွေးရင်း ကားလ်ဂျိုလ်ဟန် လမ်းမကြီးကနေတဆင့် အော်စလိုမြို့လယ်မှာရှိတဲ့ ဘူတာရုံထိကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
အခုလှုပ်ရှားမှုကနေတဆင့် နော်ဝေပါလီမန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို့သွားမှာဖြစ်သလို ဒါဟာ နော်ဝေရောက် မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်ကို တာဝန်ရှိသူတွေထံ တိုက်ရိုက်တင်ပြနိုင်မဲ့ နောက်ထပ်ခြေလှမ်းတခု ဖြစ်တယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောကြားပါတယ်။










