
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားရာချီ အင်အားဖြည့်တင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်တိုင်းမှူးကိုယ်တိုင် ကျောက်ဖြူကို ရောက်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ကျောက်ဖြူစစ်မျက်နှာမှာ စစ်ကောင်စီဘက်က ပြန်ပြီး ထိုးစစ်ပြန်ဆင်နေတာကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က မြေပြင်ကနေ ထိုးစစ်ဆင်နေသလို နေဗီကနေလည်း လက်နက်ကြီး ပစ်ကူတွေကိုလည်း တောက်လျှောက် သုံးနေတာပါ။
စစ်ကောင်စီအနေနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ ထိရောက်မှုမရှိဘဲ အကျအဆုံး များနေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။ လက်ရှိမှာလည်း အင်အား ရာနဲ့ချီပြီး ထပ်ဖြည့်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်းဆက်ရှိပါတယ်။ ဗမာစစ်တပ်ဘက်ကတော့ အင်အား တော်တော်ဖြည့်ထားတယ်။ အနည်းဆုံး ၂၀၀၊ ၃၀၀ လောက်တော့ရှိမယ်။ သူတို့ဘက်က အထိနာနေတော့ ထပ်ဖြည့်ရတဲ့ အခြေအနေပါ။ နေဗီဘက်က ပစ်တာတွေလည်း နေ့တိုင်းရှိပါတယ်။”
လက်ရှိမှာလည်း အထိအခိုက်များနေတဲ့ ကျောက်ဖြူကို စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရောက်နေတယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ULA/AA အနေနဲ့ကတော့ ကျောက်ဖြူမြို့ထက် ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ပိုပြီး ဦးတည်နေတာကို တွေ့ရပြီး လက်ရှိ ရေတပ်စခန်းဌာနချုပ်နဲ့ ၇ ကီလိုမီတာလောက်အထိကို ULA/AA တပ်တွေ ရောက်နေပြီလို့လည်း ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီ ရေတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် အရပ်သား သေဆုံးမှုတွေလည်း ဆက်တိုက်ရှိနေသလို စစ်ဘေးရှောင်တွေလည်း သောင်းနဲ့ချီ ရှိလာနေတယ်လို့ အရပ်ဘက်အဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
ထက်အောင်










