DVB Logo
Home
မြန်မာသတင်း
တလိုင်းတောင်နှင့် နတ်ရေကန်တိုက်ပွဲတွင် စစ်တပ်က ၁၀ ဦးကျော် သေဆုံး၊ စစ်သုံ့ပန်းများကို AA ဖမ်းမိ
DVB
·
October 11, 2026
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တလိုင်းတောင်-မင်းတုန်းလမ်းနဲ့ အမ်း-ပဒန်းလမ်းရှိ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့တိုက်ပွဲမှာ စစ်သား အလောင်းတွေ၊ သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ဒီရက်ပိုင်း သိမ်းဆည်းရမိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

အောက်တိုဘာ ၈ ရက်က အမ်း-တလိုင်းတောင်လမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်အာဏာရှင် စစ်ကြောင်းတကြောင်းကို AA က ကံကြိုးရွာ နဲ့ ပတ်ဝန်းကျင် တမိုင်ခန့်မှာ တိုက်ခိုက်ခဲ့ပြီး စစ်သားအလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေကိုပါ ဖမ်းဆီးရမိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒီနေ့က ဖြစ်တဲ့ပွဲမှာ အလောင်း ၁၀ ကျော်ရတယ်။ လက်နက်ခဲယမ်းရတယ်၊ သုံ့ပန်း ၅ ယောက်လောက်တော့ ရတယ်။” 

စစ်အာဏာရှင် တပ်မ ၅၅ ဦးဆောင်ပြီး မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း သဖန်ရောင်နဲ့ တလိုင်းတောင်ကျော်လမ်း စစ်မျက်နှာကနေ အမ်းမြို့နယ်ကို အဓိကထိုးစစ်ဆင်နေတာပါ။

အလားတူ အမ်း-ပဒန်းလမ်းရှိ AA ပိတ်ဆို့ထားတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းနဲ့ AA တို့ ဂုတ်ကြီးရွာ (လမ်းသစ်)အနီးမှာ အောက်တိုဘာ ၉ ရက်နေ့ညနေက တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်အာဏာရှင်တပ်က အထိနာပြီး နောက်ဆုတ်သွားတယ်လို့ စစ်ရေးနီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

“စကစဘေက်က AA ဘက်ကို ထိုးတက်ကြည့်တယ်။ AA က ပစ်ချလိုက်ရင် နောက်ဆုတ်သွားတယ်။ အဲဒီနေ့က သူတို့တက်လာတာမြင်လို့ AA က အသင့်တိုက်တာ အထိနာသွားတယ်။”

အခုလို အထိနာသွားပြီး နောက်ဆုတ်သွားပြီးနောက် စစ်အာဏာရှင်တပ်က မြေလပ်ကျေးရွာစခန်းကနေ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၂၀ ထက်မနည်း ပစ်ခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်း ညအချိန်မှာလည်း ပဇီ၊ ဂုတ်ကြီးဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ဗုံးကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013