DVB Logo
Home
Lead Story
စစ်တပ်က ပေါက်တောကို ထိုးစစ်ဆင်နေချိန် AA က စစ်တွေကို တန်ပြန်ထိုးစစ်ဆင်ပြီး စခန်း ၂ ခုကို သိမ်းပိုက်
DVB
·
October 14, 2026
၄၉၂၆ စစ်ဆင်ရေးတွင် AA ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ။ (Photo: AA)
၄၉၂၆ စစ်ဆင်ရေးတွင် AA ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ။ (Photo: AA)
Donate to DVB

စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်တိုက်ပွဲ ဆင်နွှဲနေချိန်မှာ အာရက္ခတပ်တော် (AA) က ပုဏ္ဏားကျွန်းဘက်ကနေ စစ်တွေမြို့နယ် အမြင့်ကျွန်းဘက်ကို တန်ပြန်ထိုးစစ်ဆင်ပြီး မင်းချောင်းတံတားအနီးက စစ်တပ်စခန်း ၂ ခုကို အောက်တိုဘာ ၁၁ ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ မင်းချောင်းတံတားနဲ့ အမြင့်ကျွန်းကျေးရွာကြားရှိ တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်ထားပြီး အမြင့်ကျွန်းရဲစခန်းနဲ့ လက်ရှိမှာ စစ်ဆိုင်ထားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တပ်က ငပြီကျွန်းကို ကမ်းတက်ဖို့ အာရုံရောက်နေချိန်မှာ AA တပ်တော်က အမြင့်ကျွန်းဘက်ကို တန်ပြန်ထိုးစစ်ဆင်ခဲ့တာ ရှိတယ်။ လက်ရှိမှာ အမြင့်ကျွန်းနဲ့ မင်းချောင်းတံတားကြားက စစ်တပ် ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ထားတာရှိတယ်။ အမြင့်ကျွန်းရွာနဲ့ ရဲစခန်းမှာ စစ်ကောင်စီတပ်သားတွေ ရှိသေးတယ်။ ရဲစခန်းနဲ့ စစ်ဆိုင်နေတဲ့ အနေအထားမျိုးပဲ။ ပါဒလိတ်မှာရှိတဲ့ တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံနေတာတွေ ရှိတယ်။”

အာရက္ခတပ်တော်ဟာ အောက်တိုဘာ ၁၀ ရက်မှာ စစ်တွေမြို့နယ် အမြင့်ကျွန်းဘက်ကမ်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်တွေဘက်ကမ်းမှာ ခြေကုပ်ယူထားပြီး ထိုးစစ်တွေ ရှေ့တိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဝါဘိုကျွန်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒကစ ဌာနချုပ်နဲ့ ပါဒလိတ်ကျေးရွာ အခြေစိုက် တပ်ရင်းဌာနချုပ်တွေကို ပိတ်ဆို့ထားတဲ့ အနေအထားမှာ ရှိတယ်လို့လည်း သိရပါတယ်။

စစ်အာဏာရှင်တပ်က ငပြီကျွန်းပေါ် ကမ်းတက်ထားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကျွန်းပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူကို အဓိကသုံးပြီး တိုက်ခိုက်နေတယ်လို့  စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ငပြီကျွန်းပေါ်မှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အချို့ ကျွန်းပေါ် ကမ်းတက်ထားနိုင်တာတော့ ရှိတယ်။ လက်ရှိအချိန်ထိ ကျွန်းပေါ်တိုက်ပွဲက အတော်လေးကို ပြင်းထန်နေကြတာ။ စစ်တပ်ကလည်း တနေ့တနေ့ လေယာဉ်အစင်း ဆယ်ချီသုံးပြီး ပစ်ကူပေးပြီး တိုက်ခိုက်နေတာ။”

စစ်အာဏာရှင်တပ်ဟာ ငပြီကျွန်းကို စစ်သင်္ဘောတွေနဲ့ ချဉ်းကပ်လို့ မရတာကြောင့် တိုက်ခိုက်ရေး အမြန်ရေယာဉ်တွေ သုံးပြီး အသေခံ ကမ်းတက်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ကျွန်းပေါ် တိုက်ပွဲတွေ ပြင်းထန်နေကြဆဲလို့ သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး စစ်တွေကနေတဆင့် ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ ပုဏ္ဏားကျွန်း ထိုးစစ်ဟာ စစ်ဦးကျိုးပြီး စစ်တွေမြို့နယ်က တပ်စခန်းတွေအထိ ဆုံးရှုံးခံနေရတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်က စစ်ကျွံပြီး တိုက်ခိုက်လိုက်တာဟာ စစ်တွေ စစ်မျက်နှာ ၂၀၂၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၇ ခုနှစ်အတွင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တပ်က ပြည်သူ့စစ်အင်အားတွေကို ယုံပြီးတော့ AA ထိန်းချုပ်နယ်မြေတွေကို သွားထိုးစစ်ဆင်တာတော့ အခု စစ်ကျွံသွားပြီ။ နှစ်ဖက်လုံးက ပထမ ထိန်းသိမ်းပြီး အကဲခတ်နေကြတာကနေ အခုတော့ အပြန်အလှန် ထိုးစစ်ဖွင့်လာကြတာတွေ့ရတော့ ဒီနှစ်ကုန်ပိုင်းနဲ့ လာမဲ့နှစ် အစောပိုင်းက စစ်တွေတိုက်ပွဲက အဆုံးအဖြတ်တိုက်ပွဲ ဖြစ်လာနိုင်တယ်။ ရခိုင်စစ်မျက်နှာလည်း ဒီစစ်ပွဲအဖြေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်။”

စစ်အာဏာရှင်တပ်ဟာ အင်အား ၁,၀၀၀ လောက် အသုံးပြုပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဦးကျိုးရာ စစ်သားရာချီ သေဆုံးခဲ့သလို စစ်သုံ့ပန်းတွေ အဖြစ်လည်း ဖမ်းဆီးခံခဲ့သူတွေ ရှိပါတယ်။

စစ်အာဏာရှင်တပ်ဟာ ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ ကွန်မန်ဒိုတွေနဲ့ ပြည်သူ့စစ်တွေကို ရောစပ်ပြီး ကမ်းတက်ခိုင်းနေတာဖြစ်ကာ ငြင်းဆန်တဲ့ ပြည်သူ့စစ်တွေကို သတ်ဖြတ်မယ်လို့ အမိန့်ပေးပြီး အသေခံ ကမ်းတက်ခိုင်းကာ ထိုးစစ်ဆင်နေတာလို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကောင်စီက ကွန်မန်ဒိုတွေနဲ့ ပြည်သူ့စစ်တွေကို ရောပြီး ကမ်းတက် ထိုးစစ်ဆင်နေတာ။ ပြည်သူ့စစ်တွေကို ကမ်းတက်ဖို့ ငြင်းဆန်ရင် နေဗီပေါ်မှာ ပစ်သတ်မယ်ဆိုပြီ ခြိမ်းခြောက်ပြီးတော့ ကမ်းတက်ခိုင်းနေတာလို့ သိရတယ်။ ပြည်သူ့စစ်တွေကတော့ ကမ်းတပ်လာရင်လည်း အသေပဲ။ မတက်ဘူး ငြင်းဆန်ရင်လည်း စစ်တပ်က သတ်မယ်ဆိုပြီး ခြိမ်းခြောက်တော့ ကမ်းတက်လို့ သေမလား၊ နေဗီမှာ အမိန့်ဖီဆန်မှုနဲ့ သေမလား နှစ်ခုက တခုရွေးပြီး ကမ်းတက်နေကြတာ။”

လက်ရှိ စစ်အာဏာရှင်တပ်က ကမ်းတက်တိုက်ပွဲ ဆင်နွှဲနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာမှာ ရှိသလို စစ်တွေ-ပေါက်တော-ပုဏ္ဏားကျွန်း မြို့နယ် ၃ ခုအစပ် ကုလားတန်မြစ်ဝမှာ တည်ရှိတဲ့ ကျွန်းတခုလည်း ဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်မှာ ငပြီကျွန်းရွာမ၊ အလယ်ရွာနဲ့ သရက်တော ဆိုပြီး ၃ ရွာရှိပြီးတော့ စစ်အာဏာရှင်တပ်ဘက်က အလယ်ရွာကို ထိန်းချုပ်ထားပြီလို့လည်း စစ်လော်ဘီတွေက ဓာတ်ပုံတွေနဲ့တကွ ဆက်တိုက် ဝါဒဖြန့်နေကြပါတယ်။

ငပြီကျွန်းကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းထိုးစစ် စစ်ဦးကျိုးခဲ့ပြီးနောက် ဝီရဌာနေ(ပေါက်တော)မြို့‌နယ် ဘက်ကို စစ်ဦးလှည့်ကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အာဏာရှင်တပ်ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်တောင်ပိုင်းကနေ ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013