
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ရိုးတောင်ကျော်လမ်းမှာရှိတဲ့ စစ်ကောင်စီ ပွိုင့် ၆၆၆ စခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ကပစ ၁၆ ကာကင်းစခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီ ကပစ ၁၆ ရဲ့ ကာကင်းတောင်ကုန်း၊ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို တပြိုင်တည်း AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၃၁ ရက်ကစပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ပွိုင့် ၆၆၆ စခန်းက ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်ရင်း တဆက်တည်း ကာကင်းစခန်းကုန်း၊ စစ်ကူစစ်ကြောင်းတွေပါ တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။”
စစ်ကောင်စီ ပွိုင့် ၆၆၆ စခန်းက ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေဟာ နောက်မှာရှိနေတဲ့ ကာကင်းကုန်းစခန်းတွေမှာ ပူးပေါင်းပြီး ခုခံနေတယ်လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ကပစ ၁၆ က စစ်ကူစစ်ကြောင်း အင်အား ၁၀၀ ကျော်ခန့် တက်လာပြီး ကြားဖြတ်တိုက်ခိုက်ခံနေရတယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။
“စစ်ကူက အင်အား ၁၀၀ ကျော်လောက် ပါမယ်။ သူတို့ကိုလည်း တော်လှန်ရေးဘက်က ကြားဖြတ်တိုက်ခိုက်နေလို့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်။”
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တို့က ဝိုင်းဝန်းထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ကပစ ၁၆ ကာကင်းကုန်းတွေရော စစ်ကူစစ်ကြောင်းတွေပါ အကျအဆုံး များနေတဲ့အတွက် ဂျက်ဖိုက်တာ၊ Y12၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပေးနေရတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရေးပါတဲ့ ကပစ ၁၆ ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်နိုင်မဲ့ လမ်းပေါက်တချို့ကို ကာကင်း ၁၀ ခုကျော် ချထားပေမဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကြီး ပြန်လည်သိမ်းပိုက်ခံရပြီးနောက် AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နောက်ထပ် ကာကင်းစခန်း ၂ ခုထက်မနည်း ထပ်မံပြီး စစ်ကောင်စီ လက်လွှတ်ထားရတယ်လို့ စစ်ရေးနီးစပ်သူဆီက သိရပါတယ်။











