DVB Logo
Home
မြန်မာသတင်း
တကျော့ပြန် တိုက်ပွဲဖြစ်လာသည့် ထီးချိုင့်မြို့ စစ်ရေးအရ ဘယ်လောက်အရေးပါလဲ
DVB
·
February 3, 2026
တကျော့ပြန် တိုက်ပွဲဖြစ်လာသည့် ထီးချိုင့်မြို့ စစ်ရေးအရ ဘယ်လောက်အရေးပါလဲ
Donate to DVB

တကျော့ပြန် မြို့သိမ်းတိုက်ပွဲ ပြန်ဖြစ်နေပြီလို့ သတင်းထွက်လာတဲ့ ထီးချိုင့်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ တပတ်နီးပါး ကြာမြင့်လာပါပြီ။ နှစ်ဖက်အထိအခိုက်နဲ့ ဒေသခံသေဆုံးမှုတွေ ရှိလာတဲ့ ထီးချိုင့်ဟာ စစ်ရေးအရ အရေးကြီးနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက အင်းတော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ ကသာ၊ ဗန်းမောက်နဲ့ ထီးချိုင့်မြို့နယ်တွေထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ထီးချိုင့်မြို့ထဲ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပေါ်လာတဲ့နောက် မြို့သိမ်းတိုက်ပွဲဆိုပြီး ဒေသခံတွေအကြား သတင်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။

DVB က မေးမြန်းခွင့်ရခဲ့တဲ့ စစ်ရေးသတင်းရင်းမြစ်တွေကတော့ မြို့သိမ်းတိုက်ပွဲ ဟုတ်၊ မဟုတ် အတည်မပြုပေမဲ့ ဖေဖော်ဝါရီ ၂ ရက်အထိ တပတ်နီးပါးကြာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ပြောပါတယ်။

“အခုတခါက ကိုယ့်ဘက်က သေချာပြင်ဆင်ပြီး စနစ်တကျ ဝင်ရောက်တာပါ။ နေရာတချို့ သိမ်းမိထားပြီ။ အခုက တံတားကို ဦးစားပေးသိမ်းနေတယ်။ ၃၀ ရက်နေ့ကလည်း ဂျက်ဖိုက်တာ လာပြီးတော့ မြို့ထဲ မီးလောင်တာ မြင်ရတယ်။ တိုက်ပွဲက ညနေပိုင်း၊ ညဦးပိုင်းတွေ ဖြစ်တယ်။ တခြားအခြေအနေမှာ အသံ အဲ့လောက်မကြားရဘူး။ စစ်တပ်က မြသိန်းတန်ဘုရားကုန်းမှာ အထိုင်ချထားတာ။ ၂၀၀ ကျော်မယ်ထင်တယ်။ တခြားနေရာတွေမှာလည်း ဖြန့်ထားတာမျိုး ရှိတယ်ဗျ။ ၁ ရက်နေ့ကလည်း Y 8 နဲ့ အထုပ်တွေ ချပေးသွားတယ်။ မြို့ထဲကသတင်းကို ထိန်းသိမ်းထားတယ်ဗျ။ ကျနော်ပြောပေးလို့ ရသလောက်ပဲ။”

ဒါ့အတူ ထီးချိုင့်တိုက်ပွဲထဲ ဖေဖော်ဝါရီ ၁ ရက်အထိဆိုရင် တော်လှန်ရေးတပ်ဘက်က ၅ ယောက် ကျဆုံးခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မြသိန်းတန်တောင်ပေါ်ကနေ လက်နက်ကြီးပစ်တာကြောင့် ဇန်နဝါရီ ၃၁ ရက်က မြို့နဲ့ ၂ မိုင်ကျော်သာကွာတဲ့ တည်တောရွာကို ၁၂၀ မမ ဗုံးသီး ကျရောက်ပြီး ဒေသခံ တယောက် သေဆုံးကာ ပြည်သူပိုင်နေအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် တိုက်ပွဲကတည်းက စစ်ရှောင်နေရတဲ့ ထီးချိုင့်မြို့ခံ အမျိုးသားတယောက်ကတော့ တိုက်ပွဲဖြစ်နေတယ် ဆိုတာပဲ သိရသေးကြောင်း ပြောပါတယ်။

“ထီးချိုင့်အခြေအနေက တိုက်ပွဲတွေ ပြန်ဖြစ်နေတယ် အစ်ကို၊ ၂၇ ရက်နေ့ကတည်းက။ ကျနော့်မိသားစုလောက်ပဲ ဟိုနေ့က အဆက်သွယ်ရတာ။ ပြန်ရှောင်ပေး ဘာကြည့်ပေးပေါ့။ ထီးချိုင့်မှာမရှိဘူးလေ အစ်ကိုရဲ့၊ မြို့နယ်ထဲမှာပဲ ရှိတာပေါ့။ မြို့ပေါ်တော့ ဘယ်နေလို့ရမလဲ။ ဘေးနား ပတ်ခြာလည် ရွာလေးတွေမှာပဲ နေရတာပေါ့။ မြို့ပေါ်မှာပဲ ဖြစ်နေတာ။ တိုက်ပွဲသံ ကြားရတာပဲရှိတာ။ ညကျရင် လက်နက်ကြီးသံတို့ ဘာတို့ပဲ ကြားရတာပဲရှိတယ်။”

ဆက်သွယ်ရေးလိုင်းတွေလည်း မကောင်းလို့ လက်ရှိအခြေအနေကို မသိရကြောင်းနဲ့ အရင် တိုက်တုန်းက စစ်တပ်က ဗုံးကြဲတာကြောင့် တမြို့လုံးနီးပါး ပျက်စီးခဲ့ရပြီး မြို့ပေါ်မှာလည်း နှစ်ဖက်တပ်တွေကလွဲလို့ နေထိုင်သူမရှိလောက်ဘူးလို့ မြို့ခံက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ကသာခရိုင်ထဲက ကသာ၊ ဗန်းမောက်နဲ့ ထီးချိုင့်မြို့တွေကို  ဘာကြောင့် တကျော့ပြန် တိုက်ပွဲတွေ ဖော်ဆောင်နေတာပါလဲ။

ထီးချိုင့်နဲ့ ကသာမြို့တွေဟာ ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်ကြတာကြောင့် စစ်တပ်ရဲ့ ရေကြောင်းထောက်ပို့နဲ့ စစ်ကူတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြပါတယ်။

“တကောင်းအတွက်ရော ဒီ ဗန်းမော်အတွက်ရော အရေးပါနေတဲ့ နေရာတခုပေါ့နော်။ ဒီ ထီးချိုင့်ရော၊ ကသာရောက။ ဒါကြောင့်မို့လို့ ဒီထီးချိုင့်ဘက်ကို ပြောင်းရွှေ့ပြီးတော့ လာပြီးတော့ တိုက်တဲ့အနေအထားမျိုးလို့တော့ ကျနော်ကတော့ မြင်တယ်။ ပြောရမယ်ဆိုရင် ဗန်းမော်ပေါ့နော်၊ ဗန်းမော်သည် ကျနော်တို့ ရေလမ်းကြောင်းကို လုံးဝ.. လုံးဝကိုပဲ ပိတ်ဆို့ထားနိုင်မှ ကျန်တဲ့ မြို့သိမ်းတိုက်ပွဲတွေလို အောင်အောင်မြင်မြင် သိမ်းနိုင်မှာဖြစ်တဲ့အတွက် ထီးချိုင့်က တကောင်းအတွက်ရော ဗန်းမော်အတွက်ရော အရေးပါတဲ့ နေရာလို့တော့ ကျနော်ကတော့ ခန့်မှန်းယူဆပါတယ်ဗျ။”

အာဏာသိမ်းစစ်တပ်က တွင်းငယ်ဘက်က စစ်ကြောင်းနဲ့ ထီးချိုင့်ဘက်က စစ်ကြောင်းတွေသုံးပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ရာ တကောင်းဒေသကို ညှပ်ပိတ် တိုက်ခိုက်လာနိုင်ချေလည်း ရှိတာကြောင့် ထီးချိုင့်ကို လက်ဦးမှုရယူပြီး ဟန့်တားဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုနှစ်ထဲ စစ်ကိုင်းအထက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပိုဖြစ်နေတာကို တွေ့ရပြီး ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ NUG ဘက်က အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသလို DVB ကလည်း ဆက်လက် စုံစမ်းနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013