
ကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုပြီး သံသယနဲ့ သတင်းထွက်နေတဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်က ရွှေလိပ်ပြာဟိုတယ်ကို ခရိုင်ဦးစီးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အဲဒီဟိုတယ်ဘက်က ထုတ်ပြန်ထားပါတယ်။
ရွှေလိပ်ပြာဟိုတယ်မှာ အပြင်လူတည်းခိုတာမရှိဘဲ ကျားဖြန့်လုပ်ငန်းသက်သက် လုပ်ကိုင်နေကာ မသိနားမလည်ဘဲ ဝန်ထမ်းခေါ်လို့ ဝင်ရောက်လုပ်ကိုင်သူအချို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတာတွေ ရှိတယ်ဆိုပြီး သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို သတင်းထွက်ပေါ်ပြီးနောက်မှာ ခရိုင်ဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းပေါင်းစုံ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ရွှေလိပ်ပြာဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ ဦးမျိုးမင်းထွေးက ဧပြီ ၂၇ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
ဟိုတယ်ကို ပျက်စီးစေအောင် မဟုတ်မမှန် စွပ်စွဲပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေသလို ဧည့်သည်တွေ လာရောက်တည်းခိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတာ သေချာပေါက်မပြောနိုင်ပေမဲ့ တရုတ်လူမျိုးတွေ ဝင်ထွက်သွားလာတာ သတိထားမိတယ်လို့ အဲဒီဝန်းကျင်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“အရင်က KTV ပါ တွဲဖွင့်ထားတုန်းက အထဲရောက်ဖြစ်တယ်။ နောက်ပိုင်း မရောက်ဖြစ်တော့ဘူး။ တရုတ်တွေတော့ အဝင်အထွက်ရှိတာ တွေ့တယ်။”
ရွှေလိပ်ပြာဟိုတယ်က ကျားဖြန့်လုပ်ငန်းအတွက် ဝန်ထမ်းခေါ်ရာမှာ လိပ်စာအသိမပေးဘဲ ကားနဲ့လာခေါ်ပြီး တရုတ်လူမျိုးက အင်တာဗျူးမေးကာ ရွေးချယ်ခံရရင် နေစရာပါပေးသလို တပတ်ကို တကြိမ်သာ အပြင်ထွက်ခွင့်ရတယ်လို့ ဝင်လုပ်ခဲ့သူတယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး People's Spring သတင်းဌာနက ဖော်ထုတ်ရေးသားထားပါတယ်။
အဲဒီဟိုတယ်ကို ပြီးခဲ့တဲ့ နှစ်လယ်လောက်အထိပဲ ဖွင့်လှစ်ခဲ့ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ် မကြာခဏ လာလေ့ရှိသလို စစ်တပ်အရာရှိတချို့လည်း ဝင်ထွက်တာရှိတယ်ဆိုပြီး ရေးသားဖော်ပြပါတယ်။
ရွှေလိပ်ပြာဟိုတယ်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ရှင်းလင်းအသိပေးချက်အောက်မှာ ပရိုဖိုင်ပုံအမှန် မပါသလို Friend အနည်းငယ်ပဲရှိပြီး ပုံမှန်အသုံးမပြုထားတဲ့ ဝန်ထမ်းနဲ့ တည်းခိုဖူးတဲ့ ဧည့်သည်ဆိုသူတွေရဲ့ အကောင့်ကနေ ကျားဖြန့်လုပ်ကိုင်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း မှတ်ချက်ဝင်ပေးထားကြတာ တွေ့ရပါတယ်။
အဲဒီဟိုတယ်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဧည့်သည်တွေတည်းခိုဖို့ ဖိတ်ခေါ်တဲ့ ကြော်ငြာတဲ့ပို့စ်ကို ၂၀၂၅ သြဂုတ်လက နောက်ဆုံးတင်ထားတာ တွေ့ရပြီး Reception ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ရာမှာ အခန်းကြိုယူလို့ ရတယ်လို့ တုံ့ပြန်ပါတယ်။
ရွှေလိပ်ပြာဟိုတယ်ကို ကျောက်လုပ်ငန်းနဲ့ ကြီးပွားချမ်းသာခဲ့သူ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (MEEA) ရဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးယောဆတ် ပိုင်ဆိုင်တာဖြစ်ပြီး မိုးကုတ်မြို့မှာလည်း နောက်ထပ်ဟိုတယ်တလုံး ဖွင့်လှစ်ထားပါတယ်။










