DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် လူရာချီ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွား
DVB
·
August 21, 2026
Photo : DVB
Photo : DVB
Donate to DVB

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်နယ်၊ အဥ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းဒေသတွေမှာ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ငှက်ဖျားနဲ့ ရာသီပေါ် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြာပါတယ်။ 

နတ်ထောင့်၊ စိတ္တရ၊ ဒိုင်းသား၊ ထိန်ပင်၊ ရွှေတောင်၊ အိုးပျဉ်တောင်အပါအဝင် ရွာပေါင်း ၂၀ ကျော်က လူဦးရေ ၅၀၀ ကျော်ဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။

အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်တွေမှာ ပိုမိုအဖြစ်များနေပြီး အိုးပျဉ်တောင်ကျေးရွာ တရွာတည်းမှာတင် လူဦးရေ ၁၀၀ နီးပါးလောက် ငှက်ဖျားနဲ့ ရာသီပေါ်တုပ်ကွေးတွေ အဖြစ်များ နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ ရေကြီးနေချိန် တောတောင်တွေထဲ ရွှေ့ပြောင်းနေထိုင်ကြရာ ခြင်ထောင်မပါဘဲ မိုးကာစတွေနဲ့သာ ဖြစ်သလိုနေထိုင်ရတဲ့အတွက် ခြင်ကိုက်ခံရမှု များပြားပြီး ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာတာပါလို့ ဒေသခံတယောက်က ပြောပါတယ်။

“အဲ့လိုမျိုးပြောင်းတဲ့အခါ ခြင်ထောင်မပါဘဲနဲ့ တာလပတ်တို့၊ မိုးကာတွေလောက်ဘဲ ကာပြီးတော့ ဖြစ်သလို နေထိုင်တဲ့အချိန်တွေမှာ ခြင်ထောင်မပါဆိုတော့ ခြင်ကိုက်တာများပြီးတော့ နေမကောင်း၊ ဖျားနာတာတွေ အများကြီးရှိပါတယ်။ ဖြစ်တဲ့သူတွေမှာလည်း ကလေးတွေ များတယ်လို့ ဆိုလို့ရတယ်။ တုပ်ကွေးဖြစ်တယ်၊ နောက်ဆုံး အသည်းရောင်းအသားဝါ ဖြစ်တဲ့လူတွေတောင် တချို့တလေ တွေ့ရတယ်။ ဒါပေမဲ့ တော်တော်များများ ရိုးရိုးရာသီပေါ် ဖျားနာတာတွေ များတော့များတယ်။ ကျနော်တို့ဘက်မှာကျတော့ တကယ်ကျန်းမာရေးဝန်ထမ်းတို့၊ တကယ်ဆေးဝါးကျွမ်းကျင်တဲ့ သူတွေက လုံးဝရွာတိုင်းမှာ မရှိတဲ့ရွာတွေ ရှိတာပေါ့။ ဒီမြို့နဲ့လည်း အလှမ်းဝေးတယ်ဆိုတော့ ဆေးဝါးကလည်း မပြည့်စုံဘူးကွယ်၊ မပြည့်စုံတော့ ဖြစ်သလို ကုသရတာတွေ ရှိတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရွာတိုင်းလိုလို အနည်းဆုံးကျန်းမာရေးဝန်ထမ်း တယောက်စီ လောက်တော့ ချထားပေးစေချင်ပါတယ်။”

မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းဒေသတွေဟာ တောတောင်ထူထပ်ပြီး ဝေးလံ တဲ့ ဒေသတွေ ဖြစ်တဲ့အပြင် ရေကြီးတဲ့ဒဏ်ကို နှစ်စဉ်နှစ်တိုင်း ခါးစည်းခံနေကြရတာပါ။

ဒီနှစ်ထဲမှာတင် ၃ ကြိမ်တိုင်တိုင် ရေကြီးနစ်မြုပ်မှုဒဏ်ကို ကြုံခဲ့ရတဲ့အပြင် ရေကြီးပြီးနောက်ပိုင်း နှစ်တိုင်းလိုလို ငှက်ဖျားနဲ့ ရာသီပေါ်တုပ်ကွေးတွေ အဖြစ်များနေတာလို့ ဆိုပါတယ်။ ဒီဒေသတွေဟာ တောတောင်ထူထပ်ပြီး ဝေးလံတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ရွာတိုင်းမှာ မရှိကြပါဘူး။

ရေကြီးတဲ့ဒဏ်ကို ခံရတဲ့ ဒေသတွေမှာ နောက်ဆက်တွဲရောဂါတွေ အဖြစ်များပြီး ပြည်သူတွေအနေနဲ့ သတိထားဖို့လို့သလို ကိုယ့်ဒေသမှာခံစားနေရတဲ့ ကိစ္စတွေကို အများသိအောင် ဖော်ထုတ်ဖို့လည်း အရေးကြီးတယ်လို့ ရခိုင်ဒေသမှာ အကူအညီပေးနေတဲ့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ရေကြီးတဲ့နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း အဖျားရောဂါတွေ အများကြီးဖြစ်ကြတယ်။ တချို့မှာ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်ကြတယ်ပေါ့နော်။ ဒါလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီသတင်းအချက်အလက်တွေကို ပေးကြဖို့ လိုအပ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့အတူ ဖြစ်လာတဲ့ ရောဂါတွေ ဆိုတာကလည်း ပုံမှန်သမားရိုးကျလို့ ပြောလို့ မရဘူး။ ဒါက ပြင်းထန်နိုင်တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်တယ်။ အဲဒါတွေကို သတိထားဖို့ လိုတယ်ပေါ့နော်။ အဲဒီသတင်းအချက်အလက်တွေကို ပြည်သူလူထုဘက်က ထုတ်ဖော်နေမှ ဒီသတင်းအချက်အလက် တွေကို စုစည်းပြီးတော့ ကူညီထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေဘက်ကလည်း အကောင်းဆုံး ကူညီပေးလို့ရမှာပေါ့နော်။”

ရေကြီးပြီးနောက်ပိုင်း အာရက္ခတပ်တော်အပါအဝင် လူမှုပရဟိတအဖွဲ့တွေက အစားအသောက်နဲ့ သောက်ရေသန့်တွေ လှူဒါန်းပေးခဲ့ပေမဲ့ လုံလောက်မှုမရှိတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာလည်း အားနည်းနေဆဲပါလို့ ဆိုပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဒဏ်ကို ခါးစည်းခံနေရတဲ့ မင်းပြားဒေသခံတွေအတွက် ကျန်းမာရေး ဝန်ထမ်းတွေ စနစ်တကျချထားပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဒေသခံတွေက မျှော်လင့် နေကြပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013