
အမျိုးသားရေးကို တလွဲအသုံးချပြီး မဲရအောင်လုပ်နေတဲ့ ပြိုင်ဘက်ပါတီတွေကို ထိုင်းပြည်သူ့ပါတီ (People's Party) ခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း နတ်ထဖုန်း ရူအန်ပညာဝတ်က ဝေဖန်လိုက်ပါတယ်။
မျိုးချစ်စိတ်စစ်စစ် ဆိုတာ ပြည်သူကို အလုပ်အကျွေးပြုခြင်းသာဖြစ်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ငွေကြေးရလိုမှုအတွက် နိုင်ငံရေးကို ခုတုံးလုပ်တာမျိုး မဟုတ်ဘူးလို့ နတ်ထဖုန်းက ပြောပါတယ်။
ကမ္ဘောဒီးယားနယ်စပ်အရေး တင်းမာနေချိန်မှာ မဲဆန္ဒရှင်တွေအနေနဲ့ နိုင်ငံရေးလေလုံးမိုးလုံးတွေကို သေချာစိစစ်ကြဖို့လည်း ဖေဖော်ဝါရီ ၁ ရက်မှာ သူက တိုက်တွန်းခဲ့ပါတယ်။
နတ်ထဖုန်းက “ကျနော့်အတွက်တော့ တိုင်းပြည်ကိုချစ်တယ်ဆိုတာ ပြည်သူတွေကို ချစ်တာပဲဗျ။ အဲဒါက ရင်းနှီးမြှုပ်နှံမှုတွေ၊ ရွေးကောက်ပွဲတွေအတွက် မဲဝယ်ဖို့ ပိုက်ဆံသုံးထားတာတွေအတွက် ပြန်အမြတ်ရအောင်လုပ်ဖို့ နိုင်ငံရေးထဲဝင်တာမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ပါတီရဲ့ လူကြိုက်များမှုကြောင့် တိုက်ခိုက်ခံနေရပြီး သတင်းအမှားတွေ၊ နိုင်ငံတော်သီချင်း သီဆိုမှုနဲ့ ပတ်သက်တဲ့ လုပ်ကြံဗီဒီယိုဖိုင်တွေနဲ့ ပုံဖျက်နေကြတယ်လို့လည်း သူကဆိုပါတယ်။
နိုင်ငံတော်သီချင်းမဆိုဘူး ဆိုတာ မဟုတ်မှန်သလို နိုင်ငံခြားသားတွေကို လူမှုဖူလုံရေးအဖွဲ့မှာ နေရာပေးမယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း သတင်းအမှားတွေသာဖြစ်တယ်လို့ နတ်ထဖုန်းက ရှင်းလင်းထားပါတယ်။
ဒါကြောင့် လာမဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကို မဲပေးကြဖို့နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲမှာလည်း ထောက်ခံမဲပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။










