
စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဩဂုတ် ၁၇ ရက်နေ့ နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေး ကိစ္စတွေ ဆွေးနွေးကြဖို့ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေအကြောင်းကို နိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးဖို့ရှိပေမဲ့ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မလဲဆိုတာ ပြောဖို့ခက်တယ်လို့ နေပြည်တော် ဆွေးနွေးပွဲကို သွားနေတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက ဧပြီ ၁၁ ရက်မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီအဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်တာဖြစ်ပြီး စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ မြောက်ပိုင်းအင်အားကြီးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့အပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၁၁ ဖွဲ့နီးပါးကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံထားပါတယ်။
စစ်အာဏာရှင်က တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေပေမဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တော့ ဆွေးနွေးတာမရှိဘဲ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။











