
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဖက်ပင်အိုင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ဒရုန်းနဲ့ဗုံးကြဲ၊ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၈ ယောက်နဲ့ အရပ်သားတွေကို ကာကွယ်ပေးတဲ့ PDF ၃ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
တပ်အင်အား ၃၀၀ လောက်ပါ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းက အိမ်ခြေ ၃၆၀ လောက်ရှိတဲ့ အဲဒီကျေးရွာကို ဧပြီ ၁ ရက်ကနေ ၄ ရက်အထိ ၄ ရက်တာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ပြည်သူ ၇ ယောက်လည်း ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
အဲဒီစီးနင်းမှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်သူတွေဆီ ပြန်မပေးဘဲ မီးရှို့ခဲ့ပြီး မိခင်ရဲ့ရုပ်အလောင်းလာသယ်တဲ့ မိသားစုဝင်တချို့ကိုပါ ဒရုန်းနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် သားဖြစ်သူပါ သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၈ ရက် ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မြေပြင်သတင်းအချက်အလက်တွေအရ အဆိုပါစစ်ကြောင်းကြောင့် ဖက်ပင်အိုင်ရွာရှိ လူနေအိမ် ၂၁၀ နဲ့ ကာလတန်ဖိုး သိန်းပေါင်း ၈၀,၀၀၀ လောက်ရှိတဲ့ ဆေးရွက်ကြီးသိုလှောင်ရုံတွေပါ မီးလောင်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စိုးသူအောင်










