
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အာဏာရှင်တပ်က ကျေးရွာတွေဘက်ကို ရိက္ခာဖြတ်တောက်တဲ့ “ဖြတ်လေးဖြတ်” ဗျူဟာကို စက်တင်ဘာလဆန်းကစပြီး လုပ်ဆောင်နေပြီး ဒီကန့်သတ်မှုတွေကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲကုန်သလို မြို့ပေါ်ဈေးကွက်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေပါ ထိခိုက်နေပါတယ်။
မြင်းခြံမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ကုန်စည်စီးဆင်းမှုမှန်သမျှကို စစ်အာဏာရှင်ဘက်က စက်တင်ဘာ ၅ ရက်ကစလို့ တင်းတင်းကျပ်ကျပ် ပိတ်ပင်လိုက်ပါတယ်။
ရွာတွေဘက်ကနေ မြို့ပေါ်ကို ကုန်ပစ္စည်း လာရောက်ရောင်းချခွင့် ပြုပေမဲ့ မြို့ပေါ်ကနေ ရွာဘက်အပြန်မှာတော့ ဆန်၊ ဆီ၊ ဆေးဝါး အပါအဝင် အခြေခံကုန်ပစ္စည်းတွေကို သယ်ဆောင်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။
သီတာယုမွန်အဖွဲ့က ဦးဆောင်ပြီး ဒီလိုလုပ်ဆောင်နေတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရိက္ခာမရောက်အောင် ဖြတ်တောက်ချင်တာ ဖြစ်နိုင်တယ်လို့ မြင်းခြံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုသန်းထိုက်က ပြောပါတယ်။
“သူတို့ ဖြတ်လေးဖြတ်လုပ်တာ ဟုတ်တယ်ဗျ။ ၅ ရက်နေ့က လုပ်လိုက်တာ ဒီလလေ။ မြို့တွင်းကိုတော့ ကုန်စည်ကို ဝင်ခွင့်ပြုပြီးတော့ အပြင်ဘက်ကို လုံးဝ စားသောက်ကုန်တွေရော အစစအရာရာ အကုန်ဖြတ်တောက်ထားတာဗျ။ ဘာမှထုတ်လို့မရဘူး။ တောင်သာတို့ နွားထိုးကြီး တို့ကတော့ ဝယ်လို့လည်း ရတယ်ဗျ။ အဲဒီလိုမျိုးပေါ့နော် ဒီဇယ်တွေ ဘာတွေပဲ သူက အထုတ်မခံတာ တောင်သာကကျတော့လေ။ ဘာလို့လုပ်တာလဲဆိုတော့ အခု ဘုရားပွဲ လုံခြုံရေးကြောင့်လို့လည်း ပြောတယ်။ နောက်ပြီးကျတော့ အဓိကတော့ PDF တွေကို ထောက်ပို့တယ်ဆိုပြီး သူက ရိက္ခာဖြတ်တာ၊ အဓိကတော့ ရိက္ခာဆေးဝါးဖြတ်တာဗျ။”
ကုန်စည်စီးဆင်းမှုကို ကန့်သတ်လိုက်တဲ့အပြင် အဓိက ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။
မြင်းခြံ-တောင်သာ လမ်းပိုင်းကို လုံးဝ အဝင်အထွက် ပိတ်ထားသလို မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေ များပြားလွန်းတာကြောင့် ခရီးသွားတွေ အသုံးမပြုရဲကြဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ဒါကြောင့် ရန်ကုန်ကိုသွားမဲ့ ခရီးသည်တင်ကားတွေဟာ ခရီးပိုဝေးတဲ့ ညောင်ဦးဘက်ကနေ ကွေ့ပတ် သွားလာနေရတယ်လို့ မြင်းခြံမြို့ခံ က ပြောပါတယ်။
“ဒီတောင်သာလမ်းပိုင်းကကျတော့ ပိတ်လိုက်တာ၊ လုံးဝ အဝင်အထွက် မရှိဘူး။ ညောင်ဦးဘက်ကနေ ပတ်ရတာ ကျနော်တို့ မိတ္ထီလာတို့၊ ရန်ကုန်တို့ ထွက်ချင်ရင် တောင်သာ-မြင်းခြံ လမ်းပိုင်းကတော့ ပိတ်ပစ်လိုက်တာ။ ခရီးရှည်တာပေါ့ အစ်ကိုရာ။ မြင်းခြံ-နွားထိုးလမ်းကလည်း အခု ပိတ်လိုက်တယ် အစ်ကို။ ပိတ်ထားတယ် ဆိုပေမဲ့ နွားထိုးလမ်းကတော့ ဂိတ်တွေက တော်တော်များတယ်၊ စစ်တာ။ အဲဒီလမ်းပိုင်းကကျတော့ အသုံးပြုတာ နည်းတယ်ပေါ့နော်။ မန္တလေး သွားမယ်ဆိုရင် ၂ လမ်းရှိတယ် အစ်ကိုရာ။ မြို့သာလမ်းနဲ့ နွားထိုးလမ်း ရှိတယ်။ နွားထိုးလမ်းက ဘယ်မှအသုံးမပြုတာ ကြာပြီ ကျနော်တို့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အရောင်းအဝယ်တွေက ဘယ်လိုမှ အဆင်မပြေတာပေါ့ဗျာ မြို့ပေါ်က ဈေးတွေ ဘာတွေတော့။ ပတ်ထိတာပေါ့၊ သူတို့က ဈေးသည်တွေ အဆင်မပြေရင် ကျန်တဲ့ စားသောက်ဆိုင် ဘာညာလည်း အဆင်မပြေပေါ့ဗျာ။ မစားနိုင် မသောက်နိုင်ပေါ့၊ မဖြုန်းနိုင်ဘူး၊ မသုံးနိုင်ဘူးပေါ့ အစ်ကိုရာ။ အဲလိုပဲပြောပါတော့။ အဲဒါကြောင့် ပတ်လည်ရိုက်သွားတာပေါ့။”
ဒါ့အပြင် မြင်းခြံမြို့နယ်ရဲ့ အဓိကလုပ်ငန်းတခုဖြစ်တဲ့ ဆေးပေါ့လိပ် လာပို့တဲ့ ကားတွေကိုလည်း စစ်ဆေးပြီးနောက် လူရော ကုန်ပါ အဝင်မခံတာမျိုး ရှိနေတယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးနဲ့ သွားလာခွင့်တွေ ပိတ်ဆို့ထားတဲ့အပြင် မြင်းခြံနဲ့ နွားထိုးကြီးအစပ် တလျှောက်မှာလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
စစ်ကြောင်းထိုးရာ လမ်းတလျှောက်က အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာ ရှိသလို သတ်ဖြတ်တာနဲ့ ဗုံးသီးကျတာကြောင့် သေဆုံးရသူတွေလည်း ရှိနေပါတယ်။










