DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ဒေါ်လာ ၁၂၁ သန်း ကူညီရန် အမေရိကန်အထက်လွှတ်တော် အတည်ပြု
DVB
·
February 1, 2026
မြန်မာ့အရေး ဒေါ်လာ ၁၂၁ သန်း ကူညီရန် အမေရိကန်အထက်လွှတ်တော် အတည်ပြု
Donate to DVB

မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးဖို့အချက် ပါဝင်တဲ့  အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးခွဲဝေချထားမှု ဥပဒေကြမ်းကို ဇန်နဝါရီ ၃၀ ရက်မှာ အထက်လွှတ်တော်(ဆီးနိတ်)က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့အတွက် သမ္မတဒေါ်နယ်ထရမ့်ပ် လက်မှတ်ရေးထိုးအတည်ပြုတဲ့အဆင့်ပဲ ကျန်တော့တာဖြစ်ပါတယ်။

Save Myanmar-USA မှ ကိုရင်အေး က “အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ရော Bill တွေ အတည်ပြုလိုက်ပြီ၊ နောက်ပြီးလို့ရှိရင် ကျနော်တို့ မယ်ရီလန်းပြည်နယ်က ဆီနိတ်တာ ခရစ်ဗန်ဟော်လန်ဆိုလည်း Brave Burma Act ကို ရီပါဘလစ်ကန်မိတ်ဆွေတွေနဲ့ တွဲပြီးတော့မှ သူတို့ ဆီးနိတ်မှာ လော်ဘီလုပ်မယ်ဆိုတာမျိုး လှုပ်ရှားမယ်ဆိုတာမျိုး ထွက်တယ်ဆိုတော့ နိုင်ငံတကာမှာရှိနေကြတဲ့ စစ်မျက်နှာပြင်မှာတော့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံဖွားတွေရဲ့ လှုပ်ရှားမှုတွေဟာ ထိထိရောက်ရောက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဆက်လက် အကူအညီပေးမယ် ဆိုတဲ့အချက် ပါဝင်တယ်ဆိုပေမဲ့ အရင်ကလို မြန်မာ့ဒီမိုကရေစီအရေးအတွက် သီးခြားခေါင်းစဉ်နဲ့ အကူအညီပေးတာမျိုးမဟုတ်တော့ဘဲ “အမျိုးသားလုံခြုံရေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ” (National Security Investment Programs) ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်လည်ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ National Security Investment Programs ဟာ သမ္မတ ထရမ့်ပ်အစိုးရရဲ့ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်သစ် ဖြစ်ပါတယ်။

NYCBC အဖွဲ့မှ ဦးနေတင်မြင့်က “Advocacy ရဲ့ လုပ်ဆောင်မှုဆိုရင် အမေရိကန်နိုင်ငံမှာရှိတဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေ အားလုံးရဲ့သဘောတူညီချက်နဲ့ ဒီနှစ်မှာဆို ၁၂၁ သန်း နွေဦးတော်လှန်ရေးနဲ့ပတ်သက်တာတွေကို ကူညီပံ့ပိုးပေးဖို့ အတည်ပြုလိုက်ပါတယ်။ ဒါ ကျနော်တို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ အင်အားစုတွေရဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ဖြစ်တယ်၊ စစ်မှန်သော ဒီမိုကရေစီအစိုးရ၊ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ်ကို လိုချင်တဲ့အတွက် ကျနော်တို့ အဆုံးစွန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

Learn and Share အဖွဲ့မှ ဦးကိုကိုလေး က “၁၂၁ သန်းပေးတဲ့ကိစ္စကိုတော့ ပြီးခဲ့တဲ့ ၂ ပတ်က အောက်လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သလို မနေ့ကပဲ ဆီးနိတ်က ၁၂၁ သန်းပေးတဲ့ ဥပဒေကြမ်းကို အတည်ပြုပြီးတာ ဖြစ်ပါတယ်။ သမ္မတထရမ့်ပ် လက်မှတ်ထိုးပြီးပြီဆိုရင်တော့ ဒါဟာ ဥပဒေဖြစ်လာပြီးတော့ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ စစ်ဘေးရှောင်တွေ၊ လူသားစာနာကိစ္စတွေ ဆက်လက်ပြီးတော့ ရရှိမှာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ အမေရိကန် ပြည်ထောင်စုမှာရှိကြတဲ့လူတွေ၊ အရှေ့ကမ်းရိုးတန်းရော အနောက်ကမ်းရိုးတန်းရော ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။”

ဥပဒေကြမ်းမှာ ‘အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ’ အတွက် ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံ ချပေးထားပြီး ဒီခေါင်းစဉ်အောက်မှာ ၂၀၂၁ မှာ အတည်ပြုထားတဲ့ Burma Act အရ အမေရိကန်က မြန်မာနိုင်ငံကို နှစ်စဉ်အကူအညီပေးနေတဲ့ ဒေါ်လာ ၁၂၁ သန်းလည်း ပါဝင်ပါတယ်။  

မြန်မာ့အရေးအတွက် အကူအညီပေးမယ့် အမေရိကန်အစိုးရရဲ့ ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်ဥပဒေ အတည်ပြုပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ကနေတဆင့် လုပ်ငန်းဆောင်ရွက်မယ့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစီအစဉ်တွေ ရေးဆွဲပြီး စာချုပ် ချုပ်ဆိုတဲ့အဆင့်ကို ဆောင်ရွက်တာဖြစ်ပါတယ်။ 

အမေရိကန်အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စာချုပ်ချုပ်ပြီးမှ လုပ်ငန်းလည်ပတ်ဖို့ ငွေကြေးကို အပိုင်းခွဲပြီး ပေးအပ်တာဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013