
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Myanmar Defense Force (သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်း) က ဒုတပ်စိတ်မှူးနဲ့ မိုင်းတာဝန်ခံတပ်ကြပ်ကြီးတို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ကိုမိုးကြိုးကြီးက “အဲဒီတိုက်ပွဲထဲမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၄ ယောက် ကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ယောက်ထဲမှာ ရဲဘော် ၂ ယောက်က သာယာဝတီခရိုင်ရင်း ၃ က ဒုတပ်စိတ်မှူးနဲ့ မိုင်းတာဝန်ခံတပ်ကြပ်ကြီးတို့ ဖြစ်ပြီးတော့ ကျန်တဲ့ ၂ ယောက်ကတော့ တခြားတပ်ဖွဲ့တွေက ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ ရဲဘော် ၅ ယောက်လည်း ဒဏ်ရာရခဲ့သေးတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ တိုင်းဗဟို ၆ အမြောက်တပ်က အင်အား ၁၂၀၊ ထပ်တိုးအင်အား ၃၀ နဲ့ စုစုပေါင်း အင်အား ၁၅၀ နီးပါးပါလာတဲ့ စစ်ကြောင်းဟာ ပြည်-ပေါက်ခေါင်းဘက်ကနေ ဇန်နဝါရီ ၂၀ ရက်က နယ်မြေရှင်းလင်းထွက်လာကြတာဖြစ်ပြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်က ပြောင်းချောင်းကျေးရွာမှာ စစ်ကြောင်းနားနေချိန် ဇန်နဝါရီ ၂၈ ရက် ညနေမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပြောင်းချောင်းရွာတိုက်ပွဲမှာ ကျနော်တို့ တပ်ရင်းရဲ့ ပထမဦးဆုံး တပ်ရင်းအပတ်စဉ် ၁ ကတည်းက ကျရာနေရာကနေ စကမကို တွန်းလှန်နေတဲ့ အသက် ၂၁ နှစ်အရွယ် ဒုတပ်စိတ်မှူး ရဲဘော်ဖားကြီး နဲ့ စစ်ကိုင်းကနေ ပဲခူးထိ အတူတူလိုက်လာပြီး နယ်မြေမခြားဘဲ စကမ ကို တော်လှန်နေတဲ့ အသက် ၂၃ နှစ်အရွယ် မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ရဲဘော်နဂါးတို့ဟာ တိုက်ပွဲအတွင်း ရန်သူနဲ့ Battle ဆိုင်ပစ်ရင်း မိနစ်ပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ကျဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဒုတပ်စိတ်မှူး ရဲဘော်ဖားကြီး နဲ့ မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ရဲဘော်နဂါး တို့ကို တပ်ရင်းတပ်ဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ရဲ့ကွပ်ကဲမှုအပြင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ နီးပါး သေဆုံးပြီးနောက် ထွက်ပြေးသွားခဲ့ကြတဲ့အတွက် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြတယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ က ဇန်နဝါရီ ၂၉ ရက် ညမှာ သတင်းထုတ်ပြန်ထားပါတယ်။











