DVB Logo
Home
မြန်မာသတင်း
သိန္နီတွင် MNDAA နှင့် တရုတ်လုပ်ငန်းရှင်များက တစ်ရှူးငှက်ပျောစိုက်ရန်  မြေဧက ၁၀၀ ခန့်ကို သိမ်းယူ
DVB
·
January 31, 2026
သိန္နီတွင် MNDAA နှင့် တရုတ်လုပ်ငန်းရှင်များက တစ်ရှူးငှက်ပျောစိုက်ရန်  မြေဧက ၁၀၀ ခန့်ကို သိမ်းယူ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ ပန်ခမ်းရွာမှာ ကိုးကန့်တပ် (MNDAA) က မြေသိမ်းယူပြီး တရုတ်လုပ်ငန်းရှင်နဲ့ တစ်ရှူးငှက်ပျောစိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေဟာ ပန်ခမ်းရွာသား ၂၇ ယောက် ပိုင်ဆိုင်တဲ့ သိန္နီနဲ့ လားရှိုးကားလမ်းဘေးက ဧက ၁၀၀ လောက်ရှိတဲ့ မြေကိုသိမ်းယူသလို အပင်တွေကိုလည်း ခုတ်လှဲပြီး ကားကြီးတွေနဲ့ သယ်ထုတ်တာကြောင့် ဒေသခံတွေက သွားရောက်ကန့်ကွက်ကြပေမဲ့ MNDAA ဘက်က ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းလီဒေသခံတယောက်က “အဲဒီမြေပေါ်မှာ နှစ်ရှည်တစ်ရှူးငှက်ပျောစိုက်ဖို့ စီစဉ်နေတယ်။ ဇန်နဝါရီ ၂၈ ရက်က ဒေသခံတွေက သွားတားတယ်။ ကိုးကန့်တွေက လာမတားနဲ့၊ တချိန်က မင်းတို့မြေကို စစ်ကောင်စီက လာသိမ်းတာ မင်းတို့တောင် မတားရဲဘူး။ အခုက ငါတို့ ဒီဒေသမှာ အစိုးရဖြစ်နေပြီ၊ ငါတို့သဘော လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး ပြောလွှတ်တယ်” လို့ DVB ကို ပြောပါတယ်။

လားရှိုးမြို့နဲ့ဆို ၂၅ မိုင်ဝန်းကျင်၊ သိန္နီမြို့နဲ့ဆို ၇ မိုင်ဝန်းကျင်ဝေးတဲ့ ပန်ခမ်းရွာ မြေဧက ၁၀၀ ဝန်းကျင်ကို MNDAA တပ်တွေဟာ တရုတ်လုပ်ငန်းရှင်နဲ့ပေါင်းပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ သိမ်းယူတာဖြစ်ပြီး ဒေသခံတွေက ဇန်နဝါရီ ၁၆ ရက်နေ့ကစလို့ သွားရောက် တားမြစ်ခဲ့တာလို့လည်း သိရပါတယ်။

အရင်က သိန္နီဒေသမှာ တစ်ရှူးငှက်ပျောစိုက်ပျိုးတာမရှိခဲ့ပေမဲ့ MNDAA အုပ်ချုပ်ပြီးနောက် တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူလာပြီး တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ မြေယာတွေကို သိမ်းယူလာတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မြေသိမ်းတော့ ကိုးကန့်စစ်သားတွေခေါ်ပြီး လုံခြုံရေးပါစောင့်တာ။ တရုတ်သူဌေးရော၊ ကိုးကန့်တွေရော မြေပေါ်မှာရှိတဲ့ အပင်တွေကိုခုတ်ပြီး ကားနဲ့တိုက်ယူသွားတာ။ ဘက်ဖိုးရော၊ ဖြတ်လွှ ချိန်းဆောတွေနဲ့ပါ ဖြတ်ယူသွားတာပဲ” လို့ ပြောပါတယ်။

MNDAA ဘက်ကတော့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ တောင်သူတွေနဲ့ညှိနှိုင်းတာတွေပဲရှိခဲ့ပြီး မြေသိမ်းယူတာမျိုးမရှိဘူးလို့ MNDAA သတင်းအရင်းအမြစ်တယောက်က ပြောပါတယ်။ 

“တချို့ကိစ္စတွေကျတော့ ခရိုင်အလိုက် အစိုးရပိုင်းကလုပ်တာ။” 

၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့အပါအဝင် မြို့နယ်အများစုကို သိမ်းပိုက်ခဲ့တဲ့ MNDAA ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ လားရှိုးမြို့ကို စစ်ကောင်စီဆီ ပြန်ပေးလိုက်ပြီးနောက် ကျန်ရှိမြို့တွေကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013