DVB Logo
Home
မြန်မာသတင်း
ဖာပွန်တွင် စက်တင်ဘာအတွင်း တိုက်ပွဲ ၁၀၆ ကြိမ်ဖြစ်၊ စစ်တပ်က ၄၇ ဦးသေဆုံး
DVB
·
October 7, 2026
သိမ်းဆည်းရခဲ့သည့် လက်နက်ခဲယမ်းအချို့နှင့် စစ်သုံ့ပန်းတဦး။ (Photo: KNU)
သိမ်းဆည်းရခဲ့သည့် လက်နက်ခဲယမ်းအချို့နှင့် စစ်သုံ့ပန်းတဦး။ (Photo: KNU)
Donate to DVB

ကရင်ပြည်နယ် ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းတပ် တို့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၀၆ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က ၄၇ ယောက် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့  ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။

စစ်တပ်စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ ဆင်စွယ်ကျေးရွာအထိ ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့ မြေပြင်မှာတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရပါတယ်။

ဒါကြောင့် တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း စက်တင်ဘာ ၁ ရက်ကစပြီး ၃၀ ရက် အထိ တိုက်ပွဲပေါင်း ၁၀၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ကြားက စစ်တပ်စစ်ကြောင်းတွေ ဖာပွန်ကို ရောက်ရှိဖို့ အရေးတကြီး ထိုးစစ်ဆင်နေတာဟာ နှစ်နဲ့ချီ ပိတ်ဆို့ခံထားရတဲ့ ဗျူဟာအဖွဲ့ကို ကယ်တင်နိုင်ဖို့အတွက်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

“ဖာပွန်ကို မရမက စစ်ကြောင်းထိုးနေရတဲ့ အကြောင်းအရင်းဆိုရင် အများကြီးပဲ။  ကျနော် ပြောတဲ့ဟာတွေက မြင်သာထင်သာတဲ့ဟာတွေ။ သူတို့ရဲ့စစ်ကြောင်း ဖာပွန်ကို ရောက်ဖို့အတွက် လုပ်ယူရတဲ့ အနေအထားက ပထမတချက်က အခုလက်ရှိ သူတို့ရဲ့ ဗျူဟာ ဖာပွန်မှာ ပိတ်ဆို့ခံ ထားရတာ နှစ်နဲ့ချီ အတွင်းထဲမှာနေရတဲ့ ဗျူဟာအဖွဲ့ကို ကယ်တင်ဖို့ ကူဖို့ဆိုတဲ့ဟာက အရေးကြီး လိုတယ်။ နံပါတ် ၂ က ဖာပွန်ဆိုတဲ့ နေရာက ဒီမူတြော်ခရိုင်ကို သူတို့ခရိုင်ဖြစ်ဖို့အတွက် ဖာပွန်ဆိုတဲ့ နေရာက မြို့နယ် ၃ ခုဆုံရပ်။ အဲဒါလည်းပါမယ်။ စစ်ဘက် နယ်ဘက် စိုးမိုးဖို့ဆိုတဲ့ စီးပွားရေးကိစ္စ လူမှုရေးကိစ္စ သူများဟာ သူ့ဟာဖြစ်ဖို့ အဲလိုလည်း အများကြီးပါမှာပဲ။”

တလတာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၄၇ ယောက် သေဆုံးခဲ့တဲ့အပြင် တပ်ခွဲမှူး ၂ ယောက် အပါအဝင် ၂၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ဒဏ်ရာရသူတချို့ ရှိခဲ့ ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းတွေပါ သိမ်းဆည်းရမိပြီး စစ်အာဏာရှင် တပ်ဖွဲ့ဝင်တယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့ပါတယ်။

ဖာပွန်ဘက်ကို မရမက စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းတပ်တို့ ပွင့်လင်းရာသီရောက်ရင် ပိုမိုဆိုးဝါးတဲ့တိုက်ပွဲတွေ ဖြစ်လာဖို့ရှိတယ်လို့ ကရင်စစ်ရေးလေ့လာသူ တယောက်က ပြောပါတယ်။

“ဖာပွန်နဲ့ ပတ်သက်ပြီးတော့မှ စကမကဘက်က နေပြီးတော့မှ ထိုးစစ်ဆင်တဲ့အပေါ်မှာ မအောင်ဘူး၊ မနိုင်ဘူး။ ခဏ ခဏ သူတို့စစ်ကြောင်းတွေ တိုက်ခိုက်ခံရတယ်။ အကျအရှုံးများတယ်။ ဒီအပြင် အရာရှိတွေရော တပ်သားတွေရော ဖမ်းဆီးခံရတယ်၊ ထွက်ပြေးတယ်၊ အလင်းဝင်တယ်။ အဲလိုမျိုးတွေ ဆက်တိုက်ဖြစ်ပေါ်နေတာ ရှိတယ်။ ဒီတလထဲမှာပဲ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်တဲ့အပေါ်မှာတော့ ဒါ ပွင့်လင်းရာသီ မရောက်သေးလို့ ဒီလောက်ပဲဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။ ပွင့်လင်းရာသီ ရောက်လာရင်တော့ အခုထက်ပိုပြီး ဆိုးဝါးတဲ့တိုက်ပွဲတွေ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းတယ်။” 

စစ်တပ်စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် တပ်မဟာ ၅ နယ်မြေ တွင်းက ကျေးရွာတွေကို ဝေဟင်ကနေ ဒရုန်းနဲ့ ၃၂ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၂၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ၃၃ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂၉ လုံး၊ လယ်တဲ ၄ လုံး၊ စပါးကျီ ၂ လုံးနဲ့ စပါးတင်း ၅၀ ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013