DVB Logo
Home
မြန်မာသတင်း
ထောင်တွင်းနှိပ်စက်ခံ ဓာတ်ပုံသတင်းထောက် မြတ်သူကျော်ကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
January 30, 2026
ထောင်တွင်းနှိပ်စက်ခံ ဓာတ်ပုံသတင်းထောက် မြတ်သူကျော်ကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

အင်းစိန်အကျဉ်းထောင်တွင်းမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်နှိပ်စက်ခံနေရလို့ ဒဏ်ရာအပြင်းအထန်ရနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကို အမြန်ဆုံးလွှတ်ပေးဖို့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေနဲ့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက် မြို့တွင်းဆန္ဒထုတ်ဖော်ပွဲတခုမှာ သတင်းရယူနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော် အပါအဝင် တခြား နိုင်ငံရေးအကျဉ်းသား ၃ ယောက်တို့ကို အင်းစိန်အကျဉ်းထောင် အာဏာပိုင်တွေရဲ့ စေခိုင်းချက်ကြောင့် ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်ခံထားရကြောင်း သိရပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုကို သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ္စပင်က ကိုမြတ်သူကျော်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုက မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ် အခြေအနေဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို တာဝန်ယူဖို့နဲ့ ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးခံ သတင်းသမားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

“မြတ်သူကျော်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုဟာ မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ် အခြေအနေတွေရဲ့ နောက်ထပ် ထိတ်လန့်စရာ သာဓကတခုပါပဲ။ သူ့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးအတွက် တာဝန်ယူဖို့၊ ဖမ်းဆီးထားစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ပုံစံအားလုံးကို ရပ်တန့်ဖို့နဲ့ သူအပါအဝင် အလုပ်တာဝန်ကြောင့် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ CPJ က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”

ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတယောက်ကတော့ ထောင်တွင်းအကြမ်းဖက်မှုတွေကြောင့် စိတ်ပူရကြောင်းနဲ့ ကိုမြတ်သူကျော် အပါအဝင် ဖမ်းဆီးခံ သတင်းသမားတွေကို အမြန်ဆုံး ပြန်လွတ်မြောက်စေလိုကြောင်း ပြောပါတယ်။

“ကျနော်နဲ့ ကိုမြတ်သူကျော်နဲ့က ၂၀၁၃ လောက်တည်းက သတင်းဓာတ်ပုံသမားအဖြစ်နဲ့ ရပ်တည်လာခဲ့ကြတဲ့သူတွေပေါ့လေ။ စိတ်ထားတကယ်ဖြူစင်တဲ့သူပါ။ သတင်းဓာတ်ပုံပေါ်မှာလည်း တကယ်လို ရူးသွပ်စွာနဲ့ လုပ်ကိုင်ခဲ့သူပါ။ သူ မတရား ဖမ်းဆီးခံရပြီး ထောင်တွင်းကျတဲ့ နောက်ပိုင်းမှာလည်း ထောင်တွင်းမှာ နှိပ်စက် ရိုက်နှက်ခံရတဲ့ သတင်းတွေ ကျနော်တို့ ပြန်ကြားရတယ်ပေါ့။ ကိုယ်မြတ်သူကျော်မှ မဟုတ်ဘူးပေါ့နော်၊ တခြား ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ ကိုစိုင်းဇော် တို့ကိုလည်း အမြန်ဆုံး ပြန်လွတ်မြောက် စေချင်တယ်။ သူတို့ ၂ ယောက်တင် မဟုတ်ပါဘူး၊ တခြား မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သတင်းသမားတွေကို လွတ်မြောက်စေချင်ပါတယ်။ ကျနော်တို့ဟာ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။”

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးက ကိုမြတ်သူကျော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သလို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ နောက်ထပ် ထောင်ဒဏ် ၅ နှစ်နဲ့ ၆ လ ထပ်မံချမှတ်ခဲ့ပါတယ်။

ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ခွဲ ဖြစ်လာခဲ့တဲ့အပြင် နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့လည်း တရားစွဲဆိုခံရနိုင်ခြေ ရှိနေပြီး အမြင့်ဆုံး ပြစ်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့  သိရပါတယ်။

ကိုမြတ်သူကျော် အပါအဝင် ဖမ်းဆီးခံသတင်းသမားတွေကို ချွတ်ယွင်းချက်မရှိ လွှတ်ပေးသင့်ကြောင်း ဝါရင့်ဓာတ်ပုံသတင်းထောက်တယောက်ကလည်း တောင်းဆိုပါတယ်။

“ကျနော်တို့ သတင်းသမားတွေကို မလုပ်ရဲ မကိုင်ရဲအောင် ခြိမ်းခြောက်ပြီးတော့ လုပ်တယ်လို့ မြင်တယ်။ ကျနော်တို့တွေ သတင်းဆက်မလိုက်ရဲအောင် လုပ်တယ်ပေါ့။ မလွတ်မြောက်အောင်ကို တမင်သက်သက် လုပ်ထားတယ်။ ပြည်သူတွေကို သတင်းအမှောင်ချထားသလို ဖမ်းဆီးရမိတဲ့ သတင်းသမားတွေကိုလည်း အမှောင်ချထားတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေ အကုန်လုံးကတော့ လွတ်မြောက်ပါစေလို့ ဆုတောင်းရမှာ မဟုတ်ဘူး။ ကျနော်တို့ကို လွှတ်ကို လွှတ်ပေးသင့်တယ်၊ ချွတ်ယွင်းချက်မရှိကို လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်။”

စစ်အာဏာသိမ်း ၅ နှစ်တာကာလမှာ သတင်းသမား အယောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၆ ဇန်နဝါရီ ၁၅ ရက်ထိ သတင်းမီဒီယာသမား ၂၇ ယောက်ဟာ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကျဉ်းထောင်တွေအတွင်း ကျန်ရှိနေတဲ့ သတင်းသမားတွေမှာ တသက်တကျွန်းထောင်ဒဏ်တွေ အပါ ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခံထားရဆဲဖြစ်ကာ သတင်းအလုပ် လုပ်ကိုင်နေစဉ် အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းသမား ၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013