
အင်းစိန်ထောင်က အကျဥ်းသားတချို့ဟာ တရုတ်နိုင်ငံသားတွေ ကြီးကြပ်တဲ့ အထည်ချုပ်လုပ်ငန်းမှာ အဓမ္မ လုပ်အားအမြတ်ထုတ် စေခိုင်းခံနေရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသားတွေကို ထောင်ဝန်ထမ်းတွေနဲ့ ပြင်ပ တရုတ်လူမျိုးတွေ စီမံကြီးကြပ်တဲ့ ထောင်တွင်း အထည်ချုပ်လုပ်ငန်းတွေမှာ အသုံးချ စေခိုင်းနေတာဖြစ်ပြီး လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်တာ၊ အဓမ္မဖိနှိပ်တာတွေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အထည်အပ်တဲ့ တရုတ်ပိုင်ရှင် ကိုယ်စားလှယ်တွေ အကျဥ်းထောင်ထဲ ဝင်ထွက်တာတွေ ရှိတယ်။ အမျိုးသားအဆောင်ဘက်မှာ ဒီလုပ်ငန်းက ရှိတာပါ။ အကျဥ်းသားရာချီ လုပ်နေကြရတယ်လို့ ကျနော်တို့ သိထားရတယ်” လို့ ပြောပါတယ်။
အဲဒီမှာ အထည်အော်ဒါမပြည့်ရင် ဆဲဆိုရိုက်နှက်တာ၊ အနားယူချိန် မပေးတာ၊ နေ့လယ်စာ မကျွေးတာမျိုး ရှိတဲ့အပြင် အဆောင်အခန်းပြန်ချိန်မှာ အခန်းလူကြီးနဲ့ စည်းကမ်းထိန်းတွေရဲ့ ပုံစံပေး၊ ထပ်မံရိုက်နှက်တဲ့ တရားမဲ့ အနိုင်ကျင့်မှုတွေ ဆိုးရွားစွာ ဖြစ်နေတာလို့ MICS-TUsF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အကျဥ်းသားတွေကို အဓမ္မခိုင်းစေပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ လုပ်အားခေါင်းပုံဖြတ်ယူထားတဲ့ အဝတ်အထည်တွေနဲ့ ကိုယ်ကျိုးစီးပွားမရှာဖို့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို MICS-TUsF က တိုက်တွန်း ပြောဆိုထားပါတယ်။
အကျဥ်းသားတွေ ချုပ်လုပ်နေရတာ ဘယ်ကုန်အမှတ်တံဆိပ် ဖြစ်တယ်ဆိုတာ လောလောဆယ် မသိရသေးဘဲ သိရအောင်အတွက်လည်း ဆက်လက်စုံစမ်းနေတယ်လို့ ကိုသက်နှင်းအောင်က ပြောပါတယ်။
“ကျနော်တို့ သတင်းရထားတာဆိုရင် ချုပ်တဲ့အထည်တွေကို တံဆိပ်မတပ်ဘဲ အလွတ်ချုပ်ရတယ်။ ထောင်ထဲကို တံဆိပ်မယူလာဘဲ အထည်အပြင်ရောက်မှ ကပ်တဲ့သဘော ဖြစ်မယ်လို့ ယူဆတယ်။”
အခုလို အင်းစိန်ထောင်အတွင်း မတရားလုပ်နေတာနဲ့ ပတ်သက်လို့ ချက်ချင်း ဝင်ရောက်စုံစမ်းတာတွေ လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တိုက်တွန်းထားသလို လာမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ညီလာခံမှာ အလေးအနက်ထား ဆွေးနွေးသွားမယ်လို့ MICS-TUsF က ဆိုပါတယ်။
Photo: DVB










